ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်မှာ ဆိုင်ကယ်လုယက်မောင်းနှင်လာသူနှစ်ဦး ဆိုင်ကယ်မှောက်ပြီး ရေမြောင်းထဲပြုတ်ကျ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးဟာ အောက်တိုဘာ ၁ ရက် ည ၈ နာရီလောက်က ဒါးပိန်မြို့နယ်က အမျိုးသားတဦးထံမှ ဆိုင်ကယ်လုယက်ထွက်ပြေးသွားပြီး အောက်တိုဘာ ၂ ရက် မနက် ၇ နာရီလောက်မှာ လှည်းကူးမြို့နယ် ကျွန်းကုန်းကျေးရွာအနီး ဆိုင်ကယ်မှောက်ပြီး ရေမြောင်းထဲ ပြုတ်ကျသေဆုံးခဲ့ပါတယ်။
ဒေသခံတဦးက “ဒါးပိန်က ကောင်လေးတဦးဆီကနေ လုသွားတာ။ လူကိုတော့ အန္တရာယ် မပေးသွားပါဘူး။ မနက်ကျတော့ လှည်းကူးမှာလုသွားတဲ့ ဆိုင်ကယ်နဲ့ မှောက်ပြီး သေသွားဝာာပါ။ သေသွားတဲ့သူ ၂ ယောက်လည်း ဒါးပိန်ကပဲ။ ဘယ်လိုဖြစ်ပြီး မှောက်သေလဲ ဆိုတာတော့ သေချာမသိသေးပါဘူး။ လူတွေလည်း အဆင်မပြေကြတော့ လုယက်နေတာပါပဲ” လို့ ပြောပါတယ်။
အမျိုးသားနှစ်ဦးဟာ ဆိုင်ကယ်မှောက်တဲ့ဒဏ်ရာတွေအပြင် ရေမွန်းတာကြောင့် အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က အလောင်းသယ်ယူဖို့ ခေါ်တာကြောင့် သွားရောက်သယ်ယူခဲ့တာလို့ ကရုဏာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးသူ အမျိုးသားနှစ်ဦးကို ကရုဏာရှင် နာရေးကူညီမှုအသင်းက လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။