ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းခရိုင်မှာ လုံခြုံရေးဆောင်ရွက်နေစဉ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံ အမှတ် ၂၅ ခြေမြန်တပ်ရင်းကနေ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁ ရက် ည ၁၂ နာရီခွဲလောက်က ရနောင်းခရိုင် ဘန်သာလီကျေးရွာ နယ်မြေအတွင်း ထိုင်းပူးပေါင်းရဲတပ်ဖွဲ့တွေ လုံခြုံရေးဆောင်ရွက်စဉ် တိုယိုတာကား ၂ စီးကို တွေ့ရှိပြီးနောက် ကား ၂ စီးလုံးကို ရှာဖွေရာ ကားမှာ အရှိန်မြှင့်တင် မောင်းထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ တိုယိုတာကား ၂ စီးကို ထိုင်းရဲတပ်ဖွဲ့ကနေ ပြန်လည်ဖမ်းဆီးမိခဲ့ပြီး ကားပေါ်ပါလာတဲ့ အထောက်အထားမဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကားပေါ်ပါလာတဲ့သူတွေမှာ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦး အပါအဝင် မြန်မာအလုပ်သမား ၁၃ ဦးနဲ့ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၂၁ ဦးတို့ကို ဖမ်းဆီးမိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ရနောင်းခရိုင် ပတ်ချန်းရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ပထုံဌာနီခရိုင်၊ ထနပူရိမြို့နယ်ရှိ ရန်းစစ်ကျေးရွာနားမှာ လုံခြုရေးစစ်ဆေးဆောင်ရွက်စဉ် ကား ၂ စီးကို ရှာဖွေရာ တရားမဝင် မြန်မာနိုင်ငံသား ၁၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။