Home
မြန်မာသတင်း
ထားဝယ်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၄ ဦး လွတ်ရက်စေ့ပြီး ပြန်လွတ်
DVB
·
October 2, 2023
DaWei strike

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်သား ၁၄ ဦး အပါအဝင် အယောက် ၂၀ နီးပါး အောက်တိုဘာ ၂ ရက် မနက်က ပြန်လွတ်လာတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) နဲ့ နိုင်ငံရေးအကျဥ်သား မိသားစုဝင်တွေဆီက သိရပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်သားတွေကတော့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော်၊ ကိုမောင်တူး၊ ကိုအောင်သူရဇော်၊ ကိုဝေယံဌေး၊ ကိုကျော်မင်းဦး၊ ကိုဇေမြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ကိုဥက္ကာရှိုင်းအောင်၊ ကိုဝေယံထက်နဲ့ ကိုရဲထွန်း တို့ကိုသာ အမည်အတည်ပြုနိုင်ပြီး ကျန် ၃ ဦးကို အတည်ပြုနေဆဲပဲလို့ DPPN က ထုတ်ပြန်ထားပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်သားတဦးရဲ့ မိတ်ဆွေတဦးက “၂၀၂၁ မေလ ၁၈ ရက်က အဖမ်းခံရတဲ့ အမှုတွဲတခုလုံးက ၉ ယောက်နဲ့ တခြားလူတွေ လွတ်ရက်စေ့ပြီး လွတ်လာတာပါ။ အဲဒီအမှုတွဲက စုစုပေါင်းက ၄ နှစ်စီကျတယ်။ လျှော့ရက်၊ ချုပ်ရက်တွေ နုတ်လိုက်ရင်တော့ ရက်စေ့သွားတဲ့ သဘောပေါ့” လို့ ပြောပါတယ်။

အခြားလွတ်မြောက်လာသူ ၅ ဦးကတော့ မူးယစ်ဆေးဝါးအမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကိုအောင်ဝေယံကျော် အပါအဝင် အမျိုးသား ၁၀ ဦးကို ၂၀၂၁ ခု မေ ၁၈ ရက်က ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တလုံးမှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ 

အဲဒီထဲက ၁ ဦးကို အသက်မပြည့်သေးတဲ့အတွက် ပြန်လွှတ်ပြီး ကျန် ၉ ဦးကို ပုဒ်မ၅၀၅ (က) နဲ့ ၁၉ (စ) တွေနဲ့အမှုဖွင့်ပြီး ဇွန်လ ၂၁ ရက်က ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားအားလုံးရဲ့ ထက်ဝက်နီးပါးဟာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပြီး ဩဂုတ်လက အကျဥ်းထောင်အရာရှိတွေ အရေးယူခံရမှုနဲ့ အရာရှိ အပြောင်းအလဲတွေကြောင့် ထောင်ဝင်စာတွေ့ရာမှာ ကန့်သတ်ချက်တွေ များလာနေတယ်လို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024