ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန် ပြည်နယ်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၅ ဦးအထိ မြင့်တက်လာပြီးတဲ့နောက် စက်တင်ဘာ ၃၀ ရက်မှာ အစိုးရက အရေးယူ ဆောင်ရွက်ဖို့ ဒေသခံတွေက တောင်းဆိုခဲ့တယ်လို့ ကျန်းမာရေးအရာရှိ တဦးက ပြောပါတယ်။
မတ်စ်တန်မြို့က ဒေသန္တရဆေးရုံ တရုံမှာ ဒဏ်ရာရထားတဲ့ ဆွေမျိုးတွေဆီ လာရောက်လည်ပတ်သူ တွေ ပြည့်ကျပ်နေပြီး တချို့က စက်တင်ဘာ ၂၉ ရက်က တိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ သူတွေရဲ့ အလောင်းတွေဘေးမှာ ငိုနေခဲ့ကြပါတယ်။
ဗုံးခွဲသူဟာ တမန်တော် မိုဟာမက်ရဲ့ မွေးနေ့အထိမ်းအမှတ် ကျင်းပဖို့ လူစုလူဝေး ရှိနေတဲ့ ရဲကားနားမှာ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲခဲ့တာလို့ အကြီးတန်းရဲအရာရှိ တဦးက ပြောပါတယ်။
အိမ်နီးချင်း ခိုင်ဘာ ပတ်တွန်းခိုပြည်နယ်မှာလည်း သောကြာနေ့က ဗလီ တခုမှာ ဒုတိယအကြိမ် တိုက်ခိုက်မှုကြောင့် လူငါးဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
အမိုးပြိုကျလို့ အပျက်အစီးတွေအောက်မှာ လူပေါင်း ၃၀ - ၄၀ လောက် ပိတ်မိနေခဲ့တယ်လို့ ဒေသတွင်း သတင်းထုတ်လွှင့်သူ တဦးက ပြောပါတယ်။
သေဆုံးသူ အရေအတွက် တိုးလာနိုင်တဲ့ အဲဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ သူတို့ လက်ချက်လို့ ထုတ်မပြောခဲ့ကြပါဘူး။
လူအများအပြား ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေလို့ ကြိုးစား ကယ်ထုတ်နေရဆဲပါ။
Source/Photo-Reuters