မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ မိုးများပြီး တောင်ကျချောင်းရေကျလာလို့ နှစ်ပေါင်း ၆၀ ကျော်အတွင်း မကြုံစဖူးရေကြီးပြီး အမျိုးသား ၁ ယောက် ရေစီးနဲ့ မျောပါသေဆုံးခဲ့ပါတယ်။
ရပ်ကွက်တချို့မှာလည်း နေအိမ်တွေထဲကို ရေဝင်နစ်မြုပ်နေပြီး စက်တင်ဘာ ၂၉ ရက်နေ့က တောင်တွင်းကြီး-မကွေးလမ်း၊ ဖောင်တော်ဦးလမ်းနားမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ အသက် ၇၀ အရွယ် ဦးဟန်အေးဟာ ရေမြောင်းကို ဖြတ်နေတုန်း ရေစီးနဲ့အတူ မျောပါ သေဆုံးခဲ့တာလို့ မြို့ခံတွေဆီက သိရပါတယ်။
တောင်တွင်းကြီးမှာ စက်တင်ဘာ ၂၇ ရက်နေ့က စပြီး မိုးအဆက်မပြတ်ရွာသွန်းနေလို့ တောင်ပြင် ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ အုန်းတော ၁ ရပ်ကွက်၊ ၂ ရပ်ကွက်နဲ့ ရွှေကြာအင်း ၁ ရပ်ကွက်၊ ၂ ရပ်ကွက်တို့မှာ နေအိမ်တွေကို ရေအမြင့် ၆ ပေအထက်အထိ ဝင်ရောက်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကြာအင်းရပ်ကွက်အတွင်း နေထိုင်သူတယောက်က “မိုးက အဆက်မပြတ်ရွာပြီး ချောင်းရေတွေတက်လာတာ။ အရင်က အခုလိုဖြစ်တာမကြုံဘူးတော့ ကြိုတင် စီစဉ်ထားတာတွေ မလုပ်ဖြစ်ဘူး။ နေအိမ်အပေါ်ထပ်ရှိတဲ့သူတွေကျ အရေးပေါ် ပစ္စည်းတွေ ရွှေ့ကြရတာ။ တချို့ ပစ္စည်းတွေတော့ ဆုံးရှုံးတာပေါ့” လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ် ၆၀ အတွင် တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်တွေမှာ အခုလို ရေကြီးခဲ့တာမျိုးမရှိခဲ့ဘဲ ၁၉၆၁ ခုနှစ်က တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်တွေ ရေကြီးရာမှာလည်း နေအိမ်တွေထဲမှာ ရေအမြင့် ၁ ပေလောက်ပဲ ဝင်ရောက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အခုရေကြီးချိန်မှာ ကြိုတင်ပြင်ဆင်တာမျိုး မလုပ်နိုင်ခဲ့လို့ စားသုံးကုန်နဲ့ လူသုံးကုန်ပစ္စည်း အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။