မြဝတီထွေအုပ်ရုံး ဒရုန်းတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒရုန်းလက်ရုံးတပ် ၁၈၀၁ - Federal Wings ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆုငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ၂ ရဲဘော်စောရှားနဲ့ ဒရုန်းလက်ရုံးတပ် ၁၈၀၁ - Federal Wings တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။
အဆိုပါတိုက်ခိုက်မှုကိုတော့ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ လုံခြုံရေး အစည်းအဝေး ပြုလုပ်နေချိန် ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် ညမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် ၅ ယောက် ဗုံးထိမှန်သေဆုံးကာ ၅ ယောက် စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ၆ ယောက်ကတော့ မစိုးရိမ်ရတဲ့ သာမန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။
ဒါ့အပြင် ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော် ပမာဏဖြစ်တဲ့ အယောက် ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။