စစ်ကောင်စီက ပွင့်လင်းရာသီမှာ ထောက်ပို့အသွားလမ်းကြောင်းနဲ့ ကျောက်စိမ်း၊ ရွှေနဲ့ သယံဇာတပစ္စည်းတွေကို အပြန်မှာ သယ်နိုင်ဖို့ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက ရထားလမ်း၊ ကားလမ်းနဲ့ ရေကြောင်းလမ်းတွေကို အင်အားသုံးထိန်းချုပ်ဖို့ ဆက်တိုက်ကြိုးစားနေပါတယ်။
စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်း အထက်ပိုင်းကနေ မန္တလေးတိုင်းဘက်ကို ချင်းတွင်းမြစ်ရိုးတလျှောက် ပြန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဉ်တွေကို မင်းကင်းနဲ့ ကနီနယ်ခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
ကမ်းပါးကနေ PDF တွေ တိုက်ခိုက်တာကို ထိန်းနိုင်ဖို့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတွေက ကမ်းပါးဘေး ကျေးရွာ ၁၀ ရွာကျော်ကို ဝင်ရောက်ပစ်ခတ် မီးရှို့တာတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
ကနီနယ်ခံ PDF ခေါင်းဆောင်တဦးက “စစ်ကောင်စီက ဘဏ္ဍာမရှိတော့ အဲ့ဒီဘဏ္ဍာရေးအတွက် ကျောက်စိမ်းတွေ၊ ရွှေတွေ၊ သယံဇာတတွေ ဒီကောင်တွေ သယ်လာတာလေ၊ အကြိမ်ကြိမ် ကျနော်တို့ ဖြတ်တိုက်တာပေါ့။ ဖြတ်တိုက်ပေမဲ့ မြစ်ကြောင်းကကျယ်တော့ လက်လုပ် ၈ လက်မ၊ ၆ လက်မ၊ ၄ လက်မ ပိုက်တွေထဲမှာ ယမ်းတွေထည့်ပြီး ပစ်ရတာဆိုတော့ ထိရောက်မှုတော့ တအားကြီးမရှိဘူးပေါ့။ ဒါပေမဲ့ သူတို့ကို ဟန့်တားမှုပုံစံမျိုးတော့ ဖြစ်ပါတယ်။ လမ်းဘေးမှာတော့ ပြည်သူတော့ တော်တော်ခံရတာပေါ့။ ကနီမြို့နယ်ထဲဝင်ပြီဆိုရင် သူတို့ ပစ်တာခတ်တာတွေ တအားများတယ်။ မနားမနေပစ်တာ။ ကျနော်တို့ကတော့ ပွိုင့်ကောင်းတဲ့နေရာကနေတိုက်တာ၊ ရွာတွေထဲကနေ တိုက်ခိုက်တာတော့ မလုပ်ပါဘူး။ ကျနော်တို့ရွာနဲ့ ဝေးတဲ့နေရာကနေ တိုက်တာ။ ဒါပေမဲ့ သူတို့ ပြည်သူတွေဖမ်းတယ်၊ ရိုက်နှက်တယ်၊ သတ်တယ်၊ အဲ့ဒါတွေပဲ သူတို့ အကြောက်တရားဝင်အောင် လုပ်နေတယ်” လို့ ပြောပါတယ်။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်မှာ လမ်းခရီးအတွက် အရေးပါတဲ့ ဝက်လက်မြို့နယ်ကို စစ်ကောင်စီက ဇူလိုင်လကတည်းက Lock Down ချ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဩဂုတ်လထဲက ဝက်လက်မြို့နယ်ထဲမှာ ရထားလမ်းပြန်ပြင်ဖို့အတွက် သံလမ်းတလျှောက် ရွာတွေက ရွာသားတွေကို ဖမ်းပြီး လမ်းပြင်တဲ့အလုပ်တွေမှာ စေခိုင်းခဲ့ပါတယ်။
စက်တင်ဘာလဆန်းပိုင်းမှာ ဝက်လက်မြို့နယ်အတွင်း မီးရထားစက်ခေါင်းတွေ တပ်ဆင်ပြီး စမ်းသပ်ပြေးဆွဲဖို့ ကြိုးစားခဲ့ပေမဲ့ ဒေသတွင်း PDF တွေက အခွင့်အရေးရရင်ရသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ PDF တွေက ရထားလမ်းပိုင်း ခန့်မှန်းနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဝက်လက် PDF ခေါင်းဆောင်တဦးက “အချိန်ကတော့ မနက်ကတည်းက ဖြစ်တာပဲ။ မနက် ၈ နာရီ ၉ နာရီလောက်ကနေ ညနေထိကို စောင့်ပစ်လိုက် စောင့်တိုက်လိုက်နဲ့။ နေရာကတော့ ပဒူကနေထွက်လာတဲ့ စစ်ကြောင်းကို ဒီဘက်က မိုင်းတွေခွဲထားတဲ့ တံတားကို ရောက်နေတဲ့ ရထားတွဲကို ဒီက လက်နက်ကြီးနဲ့ထုလိုက်၊ နောက်ပြန်ဆုတ် မောင်းသွားလိုက်၊ ရှေ့ကို တခါတိုးလာလိုက် ငြိမ်သွားလိုက်၊ တခါ သူတို့ကင်းပုန်းဝပ်လိုက်၊ ဒရုန်းနဲ့ ဝဲကြည့်တဲ့ အခါကြတော့ လူ ၂၀၊ ၂၅ လောက် မြင်ကြည့်လိုက်၊ ဒီက လက်နက်ကြီးနဲ့ထုတဲ့အခါကြတော့ တက်ပြေးသွားလိုက်၊ အဲ့လိုဖြစ်နေတာ။ ရင်းဘက်ကတော့ တယောက်ထိသွားတယ်၊ သေစေလောက်တာတော့ မဟုတ်ဘူး၊ ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ကောင်စီက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မန္တလေးတိုင်းတို့က လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ၅ ယောက်ကို တပြိုင်တည်း အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးနေရာမှာလည်း ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ပြောင်းလဲခန့်အပ်ထားပြီး စစ်ကောင်စီစုဖွဲ့မှုဟာ PDF တွေပေးတဲ့ ဖိအားကြောင့် မတည်ငြိမ်မှုတွေ ဖြစ်နေပြီလို့ စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားတယောက်က သုံးသပ်ပါတယ်။
“ခဏခဏပေါ့နော် ကောင်စီကိုပြင်တယ်၊ တိုင်းမှူးတွေ ပြောင်းတယ်။ ဟိုတလောကလည်း နယ်လုံဝန်ကြီးတွေ တပြိုင်နက်တည်း ဖြုတ်ပြီးတော့ တပြိုင်နက်တည်း ပြောင်းတယ်။ အဓိက တာဝန်ရှိသူတွေ အပြောင်းအလဲလုပ်တဲ့ကိစ္စတွေက မကြာခဏ ခပ်စိတ်စိတ်ကို အပြုံလိုက် အပြုံလိုက်တွေ ဖြစ်နေတာပေါ့။ ထိပ်ပိုင်းက မိုးမြင့်ထွန်းတို့ ဖြုတ်ပြီးတော့ ရာပြည့်ကို ပြန်ခန့်တယ်။ ပထမတုန်းက ရာပြည့်ကို ဖြုတ်ထားတယ်၊ အခု ရာပြည့်ကို ပြန်သုံးပြန်ပြီပေါ့။ ဒီကိစ္စတွေက ပြောရမယ်ဆိုရင် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပါတယ်ဆိုတဲ့ စစ်တပ်အင်စတီကျူးရှင်းကြီးက ယိမ်းထိုးလာတာ၊ ယိုင်နဲ့လာတဲ့သဘောကို ပြတယ်လို့ ပြောလို့ရမယ် ထင်တယ်။”
စစ်ကောင်စီက စစ်ကိုင်း-မန္တလေးနယ်စပ် ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းတွေကို မဖြစ်မနေ ထိန်းချုပ်ဖို့ ကြိုးစားနေတာဟာ ထောက်ပို့လမ်းကြောင်း တခုတည်းအတွက် မဟုတ်ဘဲ ပိတ်မိတဲ့ သူတို့တပ်သားတွေ ပြန်ဆုတ်နိုင်ဖို့ ရည်ရွယ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ နယ်ခံနိုင်ငံရေးသမားတွေက ခန့်မှန်းပါတယ်။
အစောပိုင်းကာလတွေမှာ စစ်ကိုင်းဒေသတွင်း ပိတ်မိတဲ့ သူတို့စစ်သားတွေကို အချိန်မီ ထောက်ပို့မလုပ်နိုင်တာကြောင့် သူတို့ဘက်က အကျအဆုံး များခဲ့တာ၊ စိတ်တိုင်းကျ ကွပ်ကဲမှု မလုပ်နိုင်ခဲ့တာတွေကို ဗျူဟာတကျ ပြန်ထိန်းနိုင်ဖို့ ရည်ရွယ်တာလို့ ဆိုကြပါတယ်။
သုတချမ်းသာ