နည်းပြတန်ဟတ်ဂ်ကို တောင်းပန်စကားဆိုဖို့ ဂျေဒန်ဆန်ချိုကို မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဆန်ချိုဟာ စည်းကမ်းပိုင်းနဲ့ပတ်သက်လို့ နည်းပြအဲရစ်တန်ဟတ်ဂ်နဲ့ အချေအတင် ဖြစ်ခဲ့တာကြောင့် အသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရသူပါ။
နည်းပြ အဲရစ်တန်ဟတ်ဂ်အပေါ် တောင်းပန်လိုခြင်းမရှိသေးတဲ့ ဆန်ချိုအနေနဲ့ ယူနိုက်တက် ကစားသမားဘဝ မပြီးဆုံးဖို့အတွက် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး တောင်းပန်စကား ဆိုလိုက်ဖို့ ရွိုင်ကိန်းက ပြောပါတယ်။
ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြရဲ့ လူသိရှင်ကြား ဝေဖန်ခံရတာက ရှက်စရာကောင်းပြီး စိတ်ပျက်စရာလည်းဖြစ်ကြောင်း ရွိုင်ကိန်းက ပြောပါတယ်။
ဒါပေမဲ့ ဆန်ချိုအနေနဲ့ မန်ယူကစားသမားဘဝ မပြီးဆုံးဖို့အတွက် နည်းပြတန်ဟတ်ဂ်ကို တောင်းပန်သင့်ကြောင်း ရွိုင်ကိန်းက ဆိုပါတယ်။
နည်းပြ တန်ဟတ်ဂ်ဘက်ကတော့ ဆန်ချိုနဲ့ ပတ်သက်လို့ အသုံးပြုလို့မရတဲ့ ကစားသမားတစ်ဦးအကြောင်းကို ပြောပြဖို့ မလိုအပ်ကြောင်း ပြောထားပါတယ်။
Photo-Reuters