မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းမ၊ ကန်တော်ကြီးအနီးရှိ ဆောက်လုပ်ရေးပစ္စည်း ဂိုထောင်တခုမှာ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက စင်ပြိုကျပြီး လူ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်လောက်က ဂိုထောင်အတွင်းရှိ ကျောက်အမှုန့်အိတ်တွေ တင်ထားတဲ့ အဆင့် ၅ ဆင့်ပါ သံစင်တခု ပြိုကျခဲ့တာကြောင့် အလုပ်သမား အမျိုးသား ၂ ဦး ပိမိနေခဲ့တာ ဖြစ်ပါတယ်။
မဏီစလအသင်းဝင်တဦးက “သူတို့ အလုပ်သမားတွေပါ၊ ကျောက်အိတ်တွေတင်တဲ့အချိန်မှာ စင်ပြိုကျသွားတာ၊ ကျောက်က အမှုန့်အိတ်တွေပါ၊ သေဆုံးသွားတဲ့ တယောက် ၁၉ နှစ်ပါ၊ ပုသိမ်ကြီးမြို့နယ်ကနေ အလုပ်လာလုပ်ကြတာ” လို့ ပြောပါတယ်။
ကျောက်အိတ်ပိမိတာကြောင့် အသက် ၁၉ နှစ်အရွယ် အလုပ်သမားတဦးမှာ ဦးခေါင်း နောက်စေ့ပွင့် ပြင်းထန်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးသွားပြီး အသက် ၂၁ နှစ်အရွယ် အမျိုးသားမှာ နဖူးပေါက်၊ ဒူးခေါင်းထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ထိခိုက်သူနှစ်ဦးစလုံးဟာ ညီအစ်ကိုတော်စပ်ကြကာ ပုသိမ်ကြီးမြို့နယ်ကနေ အလုပ်လာလုပ်သူတွေလို့ သိရပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို မဏီစလအသင်း၊ မိုဃ်းကောင်းယသ အသင်းယာဉ်တွေနဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။