ဘင်္ဂလားဒေ့ရှ်နိုင်ငံက ချင်း(ဂျင်း) ဝယ်ယူတာ မရှိတော့တဲ့အတွက် ပြည်တွင်းပွဲရုံတွေက ချင်း(ဂျင်း)အဟောင်းဝယ်ယူတာတွေကို ရုတ်တရက် ရပ်နားလိုက်တယ်လို့ အောင်ပန်းဒေသရှိ ကုန်စည်ဒိုင်တွေထံဆီက သိရပါတယ်။
အောင်ပန်း ကုန်စည်အမျိုးမျိုးရောင်းဝယ်ရေးမှ တာဝန်ရှိသူတဦးက “ချင်း(ဂျင်း)ဝယ်တာတွေ နားလိုက်တဲ့အချိန်ကျတော့ ချင်း(ဂျင်း)ဈေးထပ်တက်မယ်အထင်နဲ့ စောင့်နေကြတဲ့သူတွေ အထိနာနိုင်တာပေါ့။ ဟိုဘက်ကလည်း သူတို့လိုသလောက်ဝယ်ခဲ့ပြီ ဆိုတော့ လောလောဆယ်တော့ မကြားသေးဘူး။ ပြည်တွင်းဈေးကွက်ကလည်း ပြည်ပက ဝယ်မှ အရောင်းအနေအထားက သွက်တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဝယ်လိုက်လာတဲ့အတွက် ချင်း(ဂျင်း)ဈေးမြင့်တက်ခဲ့ပြီး တပိဿာကို ငွေကျပ် ၇,၅၀၀ အထိ ရောက်ရှိခဲ့ကာ လက်လီဈေးကွက်မှာ တပိဿာကို ၁၀,၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ လက်ရှိမှာတော့ ဈေးကွက်အတွင်း ချင်း(ဂျင်း)အသစ်တွေ ဝင်ရောက်နေပြီး အသစ်ဈေးက တပိဿာကို ကျပ် ၁,၃၀၀ ကနေ ၂,၂၀၀ ကြား ရှိနေပြီး ချင်း(ဂျင်း)အဟောင်းဈေးကတော့ တပိဿာကို ကျပ် ၆,၀၀၀ လောက်သာ ပေါက်ဈေးရှိတော့တယ်လို့ သိရပါတယ်။
“ချင်း(ဂျင်း)တွေက အလှောင်မခံဘူး၊ ကြာကြာထားလေ ခြောက်ပြီး အလေးချိန် လျော့လာတယ်” လို့ တောင်ကြီးရှိ ကုန်ပွဲရုံတခုမှ တာဝန်ရှိသူက ပြောပါတယ်။
အောင်ပန်းကုန်စည်ဒိုင်မှာ တောင်ကြီး၊ ဟဲဟိုး၊ ပင်းတယ၊ ရွာငံ၊ နန့်စမ်၊ လွိုင်လင်ဘက်က ချင်း(ဂျင်း)တွေ ဝင်ရောက်တယ်လို့ သိရပါတယ်။ ချင်း(ဂျင်း)အများဆုံးစိုက်ပျိုးတဲ့ ရှမ်းပြည်နယ်မှာတော့ စိုက်ဧကပေါင်း ၁၂,၇၈၇ ဧကရှိကာ ပျမ်းမျှ တနှစ်ကို ၃,၂၈၄ ဒသမ ၁၀ ပိဿာ ထွက်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။
မြန်မာနိုင်ငံမှာ ထွက်ရှိတဲ့ ချင်း(ဂျင်း) ၆၈ ရာခိုင်နှုန်းကို ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံတွေကို အများဆုံး တင်ပို့နေတယ်လို့ သိရပါတယ်။