စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်က ၂၀၂၃ ခုနှစ် သြဂုတ်လကုန်အထိ မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၈ ဦး အထိရှိတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မြွေဆိုးကိုက်ခံရသူတွေထဲမှာ အမျိုးသားက ၇၇ ယောက်၊ အမျိုးသမီးက ၃၁ ယောက် အားလုံးပေါင်း ၁၀၈ ယောက်ရှိခဲ့ပြီး ဒီအထဲက အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၁ ယောက်အသက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီစာရင်းအချက်အလက်တွေဟာ လက်လှမ်းမှီသလောက် ပြုစုထားတဲ့စာရင်းဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်ပြီး မြွေဆိုးကိုက်ခံရတဲ့သူတွေဟာ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တို့က ဖြစ်ကြပါတယ်။
ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာ၊ ထန်းကုန်း၊ ဇီးကုန်းရွာနဲ့ တခြားတိုက်နယ်တွေမှာ စစ်တပ်ကမကြာခဏ စစ်ကြောင်းထိုးလို့ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအများဆုံး မြွေဆိုးကိုက်ခံရတာ ဖြစ်ပါတယ် ။
ကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင် ကျေးရွာပေါင်း ၃၀ ထက်မနည်းရှိပြီး လူဦးရေ ၃ သောင်းအထက်မှာရှိနိုင်တယ်လို့ခန့်မှန်းရတယ်။
ဒေသံတွေဟာ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတာ အချိန်ကြာလာတာနဲ့အမျှ အခြေခံစားသောက်ကုန် လူသုံးကုန်နဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်။
ဒါ့အပြင် စစ်ရှောင်ပြည်သူတွေမှာ ရာသီတုပ်ကွေး၊ ဆီးချို၊ သွေးတိုး၊ နာတာရှည်ရောဂါနဲ့ အရေပြားရောဂါတွေဖြစ်ပွားနေပြီး မြို့ပေါ်တက် ဆေးကုဖို့ လည်း အခက်အခဲရှိကြတယ်။
အခြေခံဆေးဝါးနဲ့ မြွေဆိပ်ဖြေဆေး အထူးလိုအပ်နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုပါတယ်။