ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ ဥပဒေနဲ့အညီ နေထိုင်ခြင်းမရှိတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ လိုက်လံစစ်ဆေးနေရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ၂၂ ဦး ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်ခရိုင်လဝကရဲတပ်ဖွဲ့က ဖော်ပြပါတယ်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဒမ်ရုန်းဆဒ် ကစ်သီပဖတ်ရဲ့ ညွှန်ကြားချက်အရ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ဗီဇာသက်တမ်းကုန် နိုင်ငံခြားသားတွေ၊ ဥပဒေနဲ့အညီ နေထိုင်ခြင်းမရှိသူတွေ၊ မိမိနိုင်ငံမှာ ပြစ်မှုကျူးလွန်ပြီး ထိုင်းနိုင်ငံမှာ လာရောက်ပုန်းရှောင်နေတဲ့ ဝရမ်းပြေးတွေ၊ ထိုင်းအချုပ်အခြာနယ်မြေကို အသုံးချပြီး ရာဇဝတ်မှုကျူးလွန်နေသူတွေကို လိုက်လံစုံစမ်းဖမ်းဆီး နေရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ချင်းမိုင်၊ ဟန်ဒုံး၊ ဒွိုင်စကစ်အ စရှိတဲ့မြို့နယ်တွေက နေရာပေါင်း ၁၂ နေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ နေထိုင်ခွင့်ဗီဇာသက်တမ်းကုန်နေတဲ့ တရုတ်နိုင်ငံသား ၄ ဦး၊ ကိုလံဘီယာနိုင်ငံသား ၁ ဦး၊ ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦး၊ အလုပ်ရှင်ပြောင်းလဲတာကို ၁၅ ရက်အတွင်း အကြောင်းမကြားတဲ့ မြန်မာနိုင်ငံသား ၄ ဦး၊ နေရာလိပ်စာ အကြောင်းကြားထားခြင်းမရှိတဲ့ တရုတ်နိုင်ငံသား ၄ ဦး၊ နိုင်ငံခြားသားကို လက်ခံထားပြီး လိပ်စာအကြောင်းမကြားပေးတဲ့ ထိုင်း ၂ ဦး၊ နိုင်ငံတကာရာဇဝတ်မှု (မူးယစ်ဆေးဝါးမှု) နဲ့ ပတ်သက်နေတဲ့ ပိုလန်နိုင်ငံသား ၁ ဦး၊ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်ရုပ်သိမ်းခံရသူ ၄ ဦး (ရုရှား ၁၊ လက်ဘနွန် ၁၊ ဂျာမန် ၁ နဲ့ အီရန် ၁) တို့ ပါဝင်ပါတယ်။
မိမိအနီးနားပတ်ဝန်းကျင်မှာ မသင်္ကာဘွယ်ရာများတွေ့ရှိက ဖုန်းနံပါတ် ၀၅၃ ၂၀၁ ၇၅၅ ဒါမှမဟုတ် ချင်းမိုင်လဝကရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်၊ ဝက်ဆိုက်ဒ်၊ အီးမေးလ် လိပ်စာတွေကနေလည်း တိုင်တန်းအကြောင်းကြားဖို့ လဝကရဲတပ်ဖွဲ့က နှိုးဆော်ထားပါတယ်။