အခုသီတင်းပတ်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သလို လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် လည်း မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်လို့ သတိထားကြဖို့ မိုးဇလဌာနက အသိပေးကြေညာထားပါတယ်။
စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၃ ရက်အတွင်း အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေ လှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်လည်းကောင်း မိုးသည်းထန် လေပြင်းတိုက်နိုင်တယ်လို့ဆိုပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့နေရာတွေမှာ ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေဟာ တစ်နာရီလျှင် မိုင် ၄၀ လောက် တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၉ ပေမှ ၁၂ ပေလောက်ရှိနိုင်တာဖြစ်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက်ခတ်၊ ရုတ်တရက်ရေကြီး၊ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်ကြသူတွေလည်း ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုဖို့ တိုက်တွန်းထားပါတယ်။
ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်နဲ့ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုကြဖို့ မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။
Photo- မိုးဇလ