နိုင်ငံခြားငွေ အသည်းအသန်လိုအပ်နေတဲ့ စစ်ကောင်စီဟာ ပြည်ပမှာ အလုပ် သွားလုပ်နေတဲ့ မြန်မာတွေဆီက ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုထားတာကို ပယ်ဖျက်လိုက်ပြီး ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။
နိုင်ငံခြားငွေနဲ့ရရှိတဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၁ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၄)ကို ပယ်ဖျက်လိုက်တာဖြစ်ပြီး ပုဒ်မ ၂၂ ကိုတော့ အစားထိုး ပြင်ဆင်သတ်မှတ်လိုက်တာပါ။
မူလက ပုဒ်မခွဲမရှိခဲ့တဲ့ ပုဒ်မ ၂၂ ကို (က)၊ (ခ)နဲ့ (ဂ) လို့ ၃ ခုထပ်ခွဲဖြည့်ပြီး လစာကလွဲလို့ ပြည်ပနေနိုင်ငံသားရဲ့ နိုင်ငံခြားငွေနဲ့ ပြည်ပမှာရတဲ့ စုစုပေါင်းဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန်ယူမယ်လို့ သတ်မှတ်ပါတယ်။ ဒါက မူလပုဒ်မရဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။
ထပ်ဖြည့်တဲ့ ပုဒ်မခွဲ(ခ)မှာတော့ ဝင်ငွေခွန်နည်းဥပဒေတွေမှာ ဘယ်လိုပဲပါပါ ပြည်ပနေ နိုင်ငံသားရဲ့ နိုင်ငံခြားငွေနဲ့ပြည်ပမှာရရှိတဲ့ စုစုပေါင်း လစာဝင်ငွေအပေါ် နည်းလမ်း ၂ ခုထဲက နည်းတဲ့ နည်းလမ်းနဲ့ အခွန်ကောက်ခံမယ်လို့ ဆိုပါတယ်။
ပထမနည်းလမ်းက သက်သာခွင့်တွေ နုတ်ပယ်ပြီး တနှစ်ကို ကျပ် သိန်း ၂၀ နဲ့ ၁ ကျပ်ကနေ ကျပ်သိန်း ၁၀၀ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ နဲ့ ၁ ကျပ်ကနေ ကျပ်သိန်း ၃၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ စတဲ့ နှုန်းထားတွေနဲ့ တွက်ချက်စည်းကြပ်ဖို့ ဖြစ်ပါတယ်။
နောက်နည်းလမ်းကတော့ သက်သာခွင့်တွေကို မနုတ်ဘဲ ၂ ရာခိုင်နှုန်းနဲ့ တွက်ချက် စည်းကြပ်ဖို့ ဖြစ်ပါတယ်။
ဝင်ငွေခွန်စည်းမျဉ်းမှာ ပြည်ပနေသူတွေဆီက ကျပ်ငွေနဲ့ရော နိုင်ငံခြားငွေနဲ့ပါ အခွန်ကောက်ခံဖို့ သတ်မှတ်ထားတာရှိပေမဲ့ အခုတော့ နိုင်ငံခြားငွေနဲ့ပဲကောက်ခံဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ပုဒ်မခွဲ (ဂ) မှာတော့ ပြည်ပမှာပေးဆောင်ခဲ့ရတဲ့ အခွန်တွေကို ခုနှိမ်ပေးရမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လက်မှတ်ထိုးလိုက်တဲ့ အခု ပြင်ဆင်တဲ့ဥပဒေဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ မတ် ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်မယ်လို့ ဆိုပါတယ်။
ပြည်ပနေနိုင်ငံသားရဲ့ ပြည်ပမှာ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လစာအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က စတင် ကင်းလွတ်ခွင့်ပြုခဲ့ပြီး အခု စစ်ကောင်စီက ပြန်လည်ကောက်ခံဖို့ ကြိုးစားလာတာပါ။