ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ၁ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် ကြားကာလဆေးခန်းတွေမှာ အကူအညီတွေလိုအပ်နေပါတယ်။
ရွာငံမြို့နယ်၊ ကျေးရွာ ၆ ရွာက ပြည်သူတွေဟာ ၁ နှစ်ကျော်ကြာအဆင်ပြေသလို ရပ်တည်နေထိုင်ရင်း ခက်ခဲလာလို့ အခု ပထမဆုံး အကူအညီတောင်းရတာလို့ သူတို့နဲ့ နီးစပ်သူက ပြောပါတယ်။
ရွာငံမြို့နယ်ကနေ စစ်ရှောင်နေရတဲ့ အိမ်ထောင်စု ၃၇ စုရှိပြီး ကိုယ်ဝင်ဆောင်မိခင် ၂ ယောက်နဲ့ သက်ကြီးရွယ်အို အဘိုးအဘွား အပါအဝင် လူဦးရေ ၁၂၀ ကျော်ရှိပါတယ်။
“သူတို့က အကူအညီတောင်းတာ။ သူတို့ ဒီတိုင်းနေရင်းကနေ ရပ်တည်တာ အဆင်မပြေတော့လို့ ပထမဆုံး အကူအညီတောင်းတာ။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကူညီပေးပါတယ်။ သူတို့အခက်ခဲဆုံးကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပါပဲ”
ရွာငံမြို့နယ်ထဲက နွားဘန်းကြီးကျေးရွာ၊ သဲဖို့ကျေးရွာ၊ တောင်ဦးဘုရား၊ မျက်ခါးအင်း စတဲ့ကျေးရွာတွေက နေအိမ်ချိပ်ပိတ်ခံရသူ၊ နေအိမ်မီးရှို့ခံရသူတွေ စုဝေးပြီး လုံခြုံမယ်ထင်ရတဲ့ နေရာတခုမှာ နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာပထမအပတ်က ရွာငံမြို့နယ်ထဲက ကျေးရွာဒေသခံတွေကို PDF တွေရှိတဲ့နေရာမပြောရင် မီးရှို့မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်တာတွေ၊ စိုက်ခင်းတွေဆီသွားတဲ့ လမ်းတွေမှာ ဗုံးထောင်ထားတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် ကြားကာလဆေးခန်းတွေမှာလည်း ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ကြားကာလဆေးခန်း တာဝန်ခံ ဆရာဝန်က ပြောပါတယ်။
တမူးမြို့နယ်မှာ ကြားကာလဆေးခန်း ၂ ခုရှိပြီး တပ်ရင်းရဲဘော်တွေ၊ စစ်ဘေးရှောင်တွေနဲ့ ရပ်ရွာဒေသခံတွေကို ဆေးဝါးကုသမှု ပေးနေတာပါ။
တာဝန်ခံဆရာဝန်က “အဓိကကတော့ ဆေးဈေးကြီးတာနဲ့ ဆေးသယ်ယူရတာ မလွယ်တာ။ လူတွေကို ဆေးတွေကို ၃ ကတ်ပေးရမယ့်အစား ၂ ကတ် အဲဒီလိုတွေ လျှော့ပေးနေရတယ်။ ဆေးဝါးမရှိတော့ ကျနော်တို့လည်း ကုသရတဲ့အပိုင်းမှာ အခက်အခဲ ဖြစ်တယ်” လို့ ပြောပါတယ်။
ကြားကာလဆေးခန်းကို လာရောက်ကုသတဲ့ လူနာဟာ တရက်ကို အနည်းဆုံး အယောက် ၂၀ နဲ့ ၃၀ ကြား ရှိတယ်လို့ သိရပါတယ်။
ဆေးဝါးလိုအပ်ချက်တွေ ရှိနေတာကြောင့် ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ အလှူရှင်တွေအနေနဲ့ တမူးမြို့နယ် ကြားကာလဆေးခန်းကို ဆက်သွယ်ကူညီ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။