ချင်းပြည်နယ် ဖလမ်းမြို့အနီး မဏိပူရ်မြစ်မှာ ငါးဖမ်းသွားတဲ့ ဗားရ် မိုးလေဝသစခန်းက တာဝန်ရှီသူတဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက် မနက် ၁၀ နာရီကျော်လောက်က ဗားရ်မိုးလေဝသဌာန စခန်းမှူး အသက် ၅၂ နှစ်အရွယ် ဦးငွန်ကစ်ခွေးလ်ဟာ ငါးရှာသွားချိန် မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့ သိရပါတယ်။
“သူက ငါးရှာသွားတာ၊ မိုင်းကွဲသံကြားတယ်။ မိုးကအရမ်းရွာနေတော့ ဘယ်သူမှ သွားမကြည့်ကြဘူး။ မိုးတိတ်လို့ ရွာသားတွေ လိုက်သွားကြတော့ ဆုံးသွားပြီ” လို့ ဗားရ်ကျေးရွာသားတဦးက ပြောပါတယ်။
သေဆုံးသူဟာ မိုင်းပေါက်ကွဲမှုကြောင့် ညာဘက်ခြေမျက်စိအောက်ကပြတ်သွားပြီ အလောင်းပြန်တွေ့တဲ့အချိန်မှာ သူ့ခြေထောက်ကို အင်္ကျီနဲ့ ကျပ်စည်းထားတာ တွေ့ရတဲ့အတွက် သွေးထွက်လွန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဦးငွန်ကစ်ခွေးလ်ဟာ ဖလမ်းမြို့နယ် လိုင်ဇိုးကျေးရွာဇာတိဖြစ်ပြီး ဗားရ်မိုးလေဝသစခန်းမှာ တာဝန်ထမ်းဆောင်နေတာ ၂၃ နှစ်ရှိပြီလို့ သိရပါတယ်။
သူတက်နင်းမိတဲ့ မြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်မှာ မဏိပူရ်မြစ်ကမ်းတလျှောက် ထောင်ခဲ့တဲ့မိုင်းတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ချင်းပြည်နယ်မှာ အာဏာသိမ်းပြီးကတည်းက မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် သေဆုံးသူ အယောက် ၂၀ ရှိပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က စက်တင်ဘာလ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။