ရုရှားနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးအရ ဆက်ဆံရေးဟာ ယူကရိန်းနဲ့ တောင်ကိုရီးယားတို့ကို အလားတူ ခြိမ်းခြောက်နေကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက စက်တင်ဘာ ၂၀ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောပါတယ်။
တကယ်လို့ မြောက်ကိုရီးယားဟာ သူ့ရဲ့ အစုလိုက်အပြုံလိုက် ပျက်စီးစေတဲ့ လက်နက်တွေ (WMD) စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ နည်းပညာကို ရယူဖို့ ရုရှားကို သမားရိုးကျ လက်နက်တွေ ထောက်ပံ့ပေးတာမျိုးနဲ့ အလဲအလှယ်လုပ်ရင် ဒီသဘောတူညီချက်ဟာ ယူကရိန်းသာမက တောင်ကိုရီးယား သမ္မတနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ ရန်စမှုတခုပါလို့ သမ္မတ ယွန်းက ပြောပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်က ကိယက်ဗ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အကြောင်း ပြန်ပြောပြပြီး လာမယ့်နှစ် ယူကရိန်းမှာ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေအတွက် ဒေါ်လာ သန်း ၃၀၀ ကတိပြုခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေဟာ ပိုမိုကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ်ဒေသနဲ့ ကမ္ဘာတဝန်း ငြိမ်းချမ်းရေးကို စိန်ခေါ်နေတယ်လို့လည်း သမ္မတ ယွန်းက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters