၂၀၂၁ ခုနှစ်တုန်းက စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့တာဟာ မှားယွင်းခဲ့ကြောင်း မန်ယူနည်းပြဟောင်း ဆိုးလ်ရှားက ပြောသွားပါတယ်။
ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်က စီရော်နယ်ဒိုအပါအဝင် ရာဖေးလ်ဗာရန်းနဲ့ ဂျေဒန်ဆန်ချိုတို့ကိုပါ ခေါ်ယူခဲ့တာပါ။
“အဲဒီကစားသမားတွေကို ခေါ်ယူခဲ့ချိန်မှာ အသင်းလူအင်အားက တောင့်တင်းသွားခဲ့တယ်။ အသင်းကို နောက်တဆင့်ရောက်ဖို့အတွက် ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ ရည်ရွယ်ပြီး ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အလုပ်မဖြစ်ခဲ့ပါဘူး။ ရော်နယ်ဒိုကို ခေါ်ယူဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ပြီး ခေါ်ယူမှုအောင်မြင်ခဲ့ပေမဲ့ မှားယွင်းတဲ့ခေါ်ယူမှု ဖြစ်ခဲ့တယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။
ရော်နယ်ဒိုဟာ နည်းပြဆိုးလ်ရှား အလွန် လက်ရှိနည်းပြ တန်ဟတ်ဂ်လက်ထက်မှာ အဆင်မပြေမှုတွေ ရှိလာခဲ့တာကြောင့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ရတာ ဖြစ်ပါတယ်။
Photo - Reuters