ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာစျေးသည် အမျိုးသမီး လေးယောက်ကို စက်တင်ဘာ ၁၈ မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မဲဆောက်နေ မြန်မာတွေက ပြောပါတယ်။
မြန်မာစျေးသည်တွေဟာ မဲဆောက်မြို့ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးမှာ မြန်မာမုန့်တွေ ရောင်းချနေစဥ် မွန်းလွဲ ၁ နာရီခွဲ လောက်မှာ ထိုင်းရဲတပ်ဖွဲ့က အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ စျေးရောင်းချမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
မဲဆောက်ရှိမြန်မာတဦးက "ယာယီဖြတ်ကျော်ကတ်လေးတွေနဲ့ မြန်မာပြည်က ထုတ်တဲ့ ထိုးမုန့်တို့၊ ဇီးထုတ်တို့လို သရေစာမုန့်လေးတွေ လာရောင်းကြတာ။ ကိုယ့် အရှေ့မှာပဲ ဖြစ်သွားတာ စိတ်မကောင်းဖြစ်ပေမဲ့ မကူညီနိုင်ခဲ့ပါဘူး။ ဒီလအစကတည်းက မဲဆောက်မှာ အဖမ်းအဆီး ကြမ်းနေတာ။ ဒီဟာနဲ့ဆိုရင် မြန်မာအယောက် ၃၀ ထက် မနည်းဖမ်းဆီးခံထားရပြီးပြီး" လို့ ပြောပါတယ်။
တာ့ခ်ခရိုင်လူဝင်ကြီးကြပ်ရေးဌာနကတော့ မြန်မာနိုင်ငံသူ လေးယောက်ထဲက တယောက်ကို တရားမဝင် ဝင်ရောက်မှုနဲ့ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ ဈေးရောင်းမှုတို့အတွက် ဖမ်းဆီးခဲ့ပြီး ကျန် သုံးယောက်ကိုတော့ ယာယီနယ်စပ်ဖြတ်ကျော်ကတ်ပါရှိပေမဲ့ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ စျေးရောင်းမှုအတွက် ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား လေးယောက်ကို မဲဆောက်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ပုဒ်မ ၂၂ အရ အရေးယူဆောင်ရွက်သွားဖို့ရှိနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၁၈ ရက်ကလည်း မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ ကုန်စုံဆိုင်ဖွင့်မှုအတွက် မြန်မာလင်မယားနှစ်ယောက် ဖမ်းဆီးခံခဲ့ရ ပါတယ်။
Photo.Tak Immigration