Home
မြန်မာသတင်း
ဗန်းမော်မြို့ခံ လူငယ် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
September 19, 2023
BAMAW1992023

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စက်တင်ဘာ ၁၈ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဟာ လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြို့အဝင် ဂေါက်ကွင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး လမ်းသွားလမ်းလာ လူငယ် ၁၀ ဦးထက် မနည်းကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဒေသခံ အမျိုးသမီးတစ်ဦးက "မြို့အဝင် ဂေါက်ကွင်းနားမှာ ဖမ်းနေတာ။ စစ်သားတွေကော ရဲတွေကော အင်အားအများကြီးပဲ။ အဖမ်းခံရတာ လူငယ်တွေများတယ်။ သိရသလောက် ကတော့ ၁၀ ဦး ကျော်လောက် ဖမ်းထားပြီးသွားပြီ။ ဘာကြောင့် အဲ့လိုတွေ ဖမ်းနေလဲတော့ မသိဘူး "လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ လူငယ်တွေကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက "ဖမ်းခံထားရတဲ့ လူငယ်တွေကို ဘယ်ကို ခေါ်သွားလဲဆိုတာ မသိရသေးဘူး။ ကျနော် သိရသလောက်ကတော့ ဖမ်းခံရတဲ့လူငယ်တွေကို နမ်ဆန်ယန် ဘက်တက်မယ့် စစ်ကြောင်းမှာ လက်နက်ရိက္ခာ သယ်ဖို့ ဖမ်းသွားတာလို့လည်း ကြားနေရတယ်"လို့ ပြောပါတယ်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဗန်းမော်မြို့မှာ ဇူလိုင် ၁၂ ရက်က စတင်ကာ  စစ်ကောင်စီတပ်က  ည ၉ နာရီနောက်ပိုင်းမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024