ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၂၀ ရပ်ကွက်၊ အနော်ရထားလမ်း ၈၆ ဂိတ်ဟောင်း မှတ်တိုင်အနီးမှာ ဒီနေ့ ညနေ ငါးနာရီက ခရီသည်တင်ယာဥ်တစီး ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ လူတွေကို ဝင်တိုက်ခဲ့ရာ ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လှိုင်သာယာ သမကုန်းဘက်ကနေ မောင်းလာတဲ့ ခရီးသည်တင်ယာဥ်တစီးဟာ ၈၆ ဂိတ်ဟောင်းမှတ်တိုင် ရွှေရင်အေးရွှေဆိုင်အနီးမှာ ဘရိတ်ပေါက်ပြီး လမ်းဘေးရှိလူတွေကို တိုက်မိခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဘရိတ်ပေါက်ပြီး ကားကလမ်းဘေးကို ဆွဲချသွားပြီး ဓာတ်တိုင်ကိုတိုက်တာ ကျိုးသွားတယ်။ လမ်းဘေးက လူတွေကိုပါ ထပ်တိုက်တာ၊ သေတဲ့သူတွေရော၊ ဒဏ်ရာရတဲ့သူတွေရောရှိတယ်။"
ယာဥ်တိုက်မှုကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် နေရာမှာတင်ပွဲချင်းပြီးသေတယ်၊ ဆေးရုံပို့တော့ နောက် အမျိုးသမီးတယောက် ထပ်သေတယ်၊ ဒဏ်ရာရတာ လေးယောက်ရှိတယ်။"
သေဆုံးဒဏ်ရာရရှိသူတွေကို အမှတ် ၄ ရပ်ကွက် ရွှေပြည်သာ အရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့တွေက လူနာတင်ယာဥ်နဲ့ လှိုင်သာယာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ယာဥ်တိုက်မှု ဖြစ်တဲ့ယာဥ်မှာ ဖျာပုံ-ကျိုက်လတ်-မအူပင်-လှိုင်သာယာကို ပြေးဆွဲနေတဲ့ သမာဓိခရီးသည်တင်ယာဥ်ဖြစ်ပါတယ်။