စက်တင်ဘာ ၁၇ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်း ဖက် တပ်ဖွဲ့ဝင် ၂၂ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၂ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာတော်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေက MI 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲခဲ့ကြတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။
ဒါ့အပြင် ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၂ ရာခိုင်နှုန်းကျော် ပမာဏဖြစ်တဲ့ အယောက် ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ ၉ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေး၊ မန္တလေးနဲ့ ရန်ကုန်တိုင်းတို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။