ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ငမိုးရိပ်ချောင်းရေ တိုးလာတာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှည်းကူးမြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အောင်သပြေလမ်းနဲ့ ငမိုးရိပ်ချောင်းဘေးမှာ ရှိတဲ့ ဖောင်ကြီးရှေ့ ကျေးရွာတွေမှာ ငမိုးရိပ်ချောင်းရေ တက်လာတာကြောင့် ရေနစ်မြုပ်နေပါတယ်။
ဖောင်ကြီးအရှေ့ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၃၆ အိမ်မှ လူဦးရေ ၁၃၆ ဦးကို လှည်းကူးမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံ ပရဟိတတွေ ပူးပေါင်းပြီး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ငမိုးရိပ်ချောင်းရေ မြင့်တက်လို့ ရေဝင်တာပါ။ ရေက တော်တော်များပါတယ်။ ဒီထက်ဆိုးရင် စိုးရိမ်စရာ အခြေအနေ ရှိနိုင်တာကြောင့် ရေဘေးလွတ်ရာနေရာတွေကို ပရဟိတအဖွဲ့တွေက ရွှေ့ပေးခဲ့တာ။ လက်ရှိမှာ စာရင်းကောက်ထားတာတော့ ကျား ၇၀ နဲ့ မ ၆၆ ရှိပါတယ်။”
ဇူလိုင်လကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လှည်းကူးမြို့အတွင်း ရေဝင်ရောက်မှု ရှိခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ထံက သိရပါတယ်။