စစ်ကောင်စီတပ်တွေ အင်အားဖြည့်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ပြည်သူ ၁၅,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ ဒေသခံတွေက ပြောပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာ ခရိုင်၊ တပ်မဟာ ၆၊ ဝင်းရေး(ရေး)မြို့နယ်၊ တံခွန်တိုင်ရဲစခန်းကို အင်အားဖြည့်တင်းဖို့ ကျိုက်ထို တပ်မ ၄၄ လက်အောက်ခံ ခလရ-၂၊ အမတ-၃၁၈ (အဘစ်အမြောက်တပ်)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ BGF တပ်ရင်း ၁၀၂၁ နဲ့ BGF တပ်နယ် ၃ တို့က စုစုပေါင်း အင်အား ၁၀၀ လောက်စစ်ကြောင်းထိုးလာခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၁၆ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့က ခုခံကာကွယ်ရင်း စက်တင်ဘာ ၁၄ ရက် မနက် ၈ နာရီလောက်ကစလို့ နှစ်ဖက်ထိတွေ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ တပ်မဟာ ၆ တပ်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါကြောင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် မော်လမြိုင် ရတခ ကနေ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လာရောက်ပြီး ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ နေရာတဝိုက်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁ ယောက်ကျဆုံးခဲ့ပြီး ကျေးရွာစာသင်ကျောင်းနဲ့ ပြည်သူပိုင်အိုးအိမ်တွေ ထိမှန်ပျက်စီးခဲ့ရတယ်လို့ ကေအဲန်ယူ-ဗဟိုပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် စက်တင်ဘာ ၁၄ ရက်နေ့စာရင်းအရ ဒေသခံ ၁၅၀၀၀ လောက်ဟာ ဘေးလွတ်ရာတိမ်ရှောင်နေရပြီး မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ တောင်ကျရေကြောင့် နေရာထိုင်ခင်းအတွက်ရော စားသောက်ရေးပါ ခက်ခဲနေပြီး စစ်ဘေးရှောင်ဒေသခံပြည်သူတွေအတွက် ရိက္ခာတွေ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ကေအဲန်ယူ ဗဟိုပြန်ကြားရေးကနေ သိရပါတယ်။