အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
စက်တင်ဘာ ၁၇ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့ အစည်းတခုဟာ အများပြည်သူအကျိုးကို ဦးစားပေးရမှာဖြစ်ပေမယ့် အခုအခါမှာ အ ကြမ်းဖက်စစ်ကောင်စီရဲ့ တရားဝင်မှုနဲ့ အခွန်၊ ဒါမှမဟုတ် အကျိုးအမြတ် စတာတွေအပေါ် တနည်းတလမ်းအားဖြင့် အကျိုးပြုနေတယ်လို့ NUG အစိုးရက သုံးသပ်ခဲ့ပြီးတော့ အမိန့်ကြေညာချက်တွေနဲ့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် လိုက်နာခဲ့ခြင်း မရှိခဲ့တာကြောင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နဲ့တကွ လက်အောက်ခံ အသင်းခွဲတွေကို ဖွဲ့စည်းပုံနဲ့တကွ ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။
ဒါကြောင့်မို့ အမိန့်ထုတ်ပြန်တဲ့ ဒီကနေ့ကစပြီးတော့ အသင်းနဲ့ အသင်းခွဲတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေ အားလုံးကို ထုတ်နုတ်သုံးစွဲခြင်းမပြုကြဖို့ တားမြစ်လိုက်ပါတယ်။
ဒီအမိန့်ဟာ လုပ်ငန်းရှင်တဦးချင်းရဲ့ ပိုင်ဆိုင်မှုနဲ့ အကြမ်းဖက်ကောင်စီနဲ့ တိုက်ရိုက် မပတ်သက်တဲ့၊ အကျိုးစီးပွားအားဖြင့် ဆက်နွှယ်မှုမရှိတဲ့ လုပ်ငန်းဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်မှု မရှိစေရဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမိန့် ထုတ်ပြန်ပြီးနောက် အဆိုပါ အဖွဲ့အစည်းမှာ ဆက်လက်ပါဝင်လုပ်ကိုင်နေတာ၊ ပူး ပေါင်းလုပ်ကိုင်နေတာ၊ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတွေကို ဆက်လက်သုံးစွဲနေတာ၊ အဖွဲ့အစည်းရဲ့ အမည်နဲ့ ဆက်လက်ဆောင်ရွက်တာတွေ ပြုလုပ်နေတဲ့ လုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူတွေအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ NUG အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်မှာ မြန်မာစစ်တပ်ဟာ တနှစ်ကို ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို လက်ဝါးကြီး အုပ်ထားပါတယ်။
စစ်တပ်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရဝန်ကြီးဌာနတွေကို ထိန်းချုပ်ကာ တရားဝင်ရော တရားမဝင်ပါ ကုန်သွယ်မှုပြုလုပ်နေပြီး စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ နယ်မြေတွေကိုလည်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ထိန်းချုပ်ကာ မြန်မာစစ်တပ်ဟာ စစ်တပ်မိသားစုဝင်တွေရဲ့ စီးပွားရေးအကျိုးအမြတ်တွေကတဆင့် ကျောက်မျက်ရတနာလုပ်ငန်းက ဝင်ငွေတွေကို နည်းလမ်းမျိုးစုံနဲ့ ထုတ်ယူနေပါတယ်။
ဒီလိုရရှိလာတဲ့ငွေတွေကို မြန်မာစစ်တပ်က လက်နက်ကိရိယာတွေဝယ်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ရန်ပုံငွေတွေအနေနဲ့ အသုံးပြုနေတာဖြစ်တယ်လို့ ဘားမား ကမ်ပိန်းယူကေ အဖွဲ့က ဝေဖန် ထောက်ပြထားပါတယ်။