(၁)
၁၉၉၄ ခု ဇန်နဝါရီလ ….
ကျောင်းပေါ်က တရားဟောပလ္လင်ရှေ့တွင်သာ မီးခွက်တခွက် ထွန်းထားသည်။ ကျောင်းမကြီး တခုလုံး မှောင်မည်းလျက်။ ပြတင်းတံခါးအားလုံး ပိတ်လျက်။
ဆရာတော်ဘုရားရှေ့တွင် ခရိုင် KNU အတွင်းရေးမှူး ပဒိုကိုလေး ထိုင်နေသည်။ သူ့ဘေးကလူကိုမူ ကျနော်မသိ။ ကျနော်နှင့်အတူ ဘားအံမြို့နယ် KNLA စစ်ရေးတာဝန်ခံ ဗိုလ်အေးမောင်က အသာအယာ ဝင်ထိုင်လိုက်သည်။ ပဒိုကိုလေးက စာရွက်တရွက်ကို ကျနော့်အား ပေးပြ၏။ စာရွက်က ဗလာစာရွက်ဖြစ်သည်။ နဝတစစ်တပ် ကျောက်ဖြာရွာ စခန်းမှူး ဗိုလ်ကြီးတင်ကို (နာမည်များ တပ်ရင်းတပ်ဖွဲ့အမည်များ အမှန်အတိုင်း မမှတ်မိပါ) လက်မှတ်ရေးထိုး တံဆိပ်တုံးထုကာ မိဆိုင်းကျောက်တောင် ဆရာတော်ဘုရားထံ ဆက်သားနှင့် ပေးပို့ထားသောစာ ဖြစ်သည်။
အရှင်ဘုရား ဦးစီးကျင်းပနေသော ဘုရားပွဲဇာတ်ကို တပည့်တော်များလည်း လာကြည့်ပါရစေဘုရား၊ အရှင်ဘုရား၏ ဖိတ်စာကို တပည့်တော်ထံ ပြန်ပို့ပေးပါရန် အကြောင်းကြာအပ်ပါသည်ဘုရားဟု ဆိုကာ တပ်ခွဲမှူး လက်မှတ်ရေးထိုးထားသောစာ ဖြစ်၏။ ထိုစာကို အကြာင်းပြုပြီး တိုင်ပင်ချင်လို့ဟုဆိုကာ ပွဲခင်းထဲက မုန်ဟင်းခါးဆိုင်တွင် ရှိနေသည့် ကျနော့်ကို ဗိုလ်အေးမောင်က လာခေါ်ခြင်းဖြစ်သည်။ အသံအားလုံး အတန်ငယ် တိတ်ဆိတ်နေ၏။ ကျနော်ကလည်း ဧည့်သည်ဖြစ်သဖြင့် မည်သို့မျှ ရုတ်တရက် အကြံမပြုနိုင်ပါ။
“ဆရာတော်အနေနဲ့ ဘာမှအကြောင်းမပြန်ဘဲ သည်အတိုင်း စောင့်ကြည့်နေတာ ကောင်းပါတယ်ဘုရား၊ ဒီကောင်တွေ လာရဲမယ်မထင်ဘူးဘုရား၊ လာရင်လည်း ပွဲပျက်မှာ သေချာတယ်၊ တပည့်တော်ကတော့ အကြောင်းမပြန်ဘဲ သတိနဲ့ စောင့်ကြည့်ရမှာပဲလို့ ထင်ပါတယ်ဘုရား”
နောက်ဆုံးတွင် ပဒိုကိုလေးပြောသည့် စကားအတိုင်း နေကြရန် အားလုံး သဘောတူလိုက်ကြ၏။ အခြေအနေအရ ကျနော်ကလည်း သီးခြားအကြံပြုချက် မပေးနိုင်ပါ။ ညနေပိုင်း မိဆိုင်းရွာထဲ တပ်ကြပ်ကြီးဖားတေးနှင့်အတူ ဝင်လာစဉ်က သစ်ပင်တချို့တွင် မိဆိုင်းဆရာတော်ဘုရား၏ အမိန့်ကြော်ငြာစာ ကပ်ထားသည်ကို တွေ့ခဲ့ရ၏။ အဓိကအချက်မှာ “မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမျှ လက်နက်ဖြင့်သော်လည်းကောင်း ယူနီဖောင်းဝတ်၍ လည်းကောင်း ပွဲဈေးခင်းသို့ မလာရ” ဟူသောအချက် ဖြစ်၏။ ယခုအခါ နဝတစစ်တပ်မှ သွေးတိုးစမ်းသည့်သဘော စာပို့လာခြင်း ဖြစ်ဟန်တူသည်ဟု ကျနော်ယူဆမိ၏။
ညနေက ရွာထဲဝင်လာပြီး ဘုန်းကြီးကျောင်းဘေး တောအုပ်ထဲ တပ်ကြပ်ကြီးဖားတေးနှင့်အတူ ခဏဝင်နားစဉ် ဘယ်ဘက်လက်မောင်းတွင် အဝတ်ဖြင့်ပတ်စည်းထားသော တလိုင်းကရင် ရွာသားတဦး ကျနော့်ကို လာတွေ့ခဲ့၏။ သူ့လက်မောင်းမှဒဏ်ရာမှာ သွေးယိုစီးနေဆဲ ဖြစ်သည်။ နေ့လယ်က ရွာသားငါးယောက်နှင့်အတူ ဘုရားပွဲရှိရာသို့အလာ လမ်းတွင် နဝတစစ်တပ်နှင့် တိုးပြီး ထွက်ပြေးကြရကြောင်း၊ မလှမ်းမကမ်းရောက်မှ စစ်တပ်မှပစ်သော လက်နက်ကြီးကျည် ရှပ်မှန်ခံရကြောင်း ပြောပြ၏။ ကျနော်က ကမ္မမောင်းဆေးရုံကို သွားပြသင့်ကြောင်း အကြံပြုတော့ သွားပြလျှင် သူ့ကို စစ်တပ်က အသေသတ်မှာဖြစ်လို့ ရွာကဆေးဆရာနဲ့ပဲ ကုမည်ဟု ပြောခဲ့သည်ကို ကျနော်တွေးမိ၏။ ကျနော့်မှာ ထိရောက်သည့်စကား ဘာမျှ အကြံမပြုနိုင်ခဲ့။ သတင်းအချက်အလက် ယူထားရုံသာ လုပ်ခဲ့ရ၏။
ကျနော်နှင့် ဗိုလ်အေးမောင် ပွဲဈေးခင်းထဲ ပြန်ဝင်လာတော့ ပွဲဈေးခင်းလယ်ကွင်းထဲ ပရိသတ် တထောင်ခန့် နေရာယူထားကြပြီး ဖြစ်သည်။ ဇာတ်ခုံဆီက ဆိုင်းသံမှာလည်း ကွင်းတခုလုံးကို လွှမ်းခြုံလျက်ရှိပြီ ဖြစ်သည်။ ဘေးနှစ်ဖက် ပွဲဈေးဆိုင်များသည်လည်း မီးခွက်ကိုယ်စီ မီးချောင်းကိုယ်စီနှင့် စည်ကားနေပြီဖြစ်သည်။
(၂)
မိဆိုင်းကျောက်တောင်ဘုရားပွဲ ကျင်းပနေသည်မှာ ၁၁ ကြိမ်မြောက် ရှိလာပြီဟု သိရသည်။ မိဆိုင်းကျောက်တောင် ဆရာတော်မှာ သည်အနီးတဝိုက် ကျေးရွာအားလုံး ဩဇာသက်ရောက်လှသည်။ ဘုရားပွဲကို ၅ ရက်ကျင်းပမည်ဖြစ်သည်။ မနှစ်ကတော့ ၇ ရက်ကျင်းပပြီး သည်နှစ်တော့ လုံခြုံရေးအခြေအနေအရ ၅ ရက်သာကျင်းပရန် ဆရာတော်က ဆုံးဖြတ်ခဲ့ရ၏။
ဘုရားပွဲတွင် တောင်ပေါ်ဘုရား မီးထွန်းပွဲတော်နှင့် ဗလာဇာတ်ပွဲ ၂ ည ကပြမည်ဖြစ်သည်။ ဇာတ်အဖွဲ့ကို မော်လမြိုင်အထိ တက်ငှားထားခြင်းဖြစ်သည်။
ဒေသခံရွာသားများမှာ ပွဲလမ်းသဘင် ရှိခဲလှသဖြင့် ရွာလုံးကျွတ် ပွဲလာကြည့်ကြ၏။ ထို့ကြောင့် ဇာတ်ခုံရှေ့တဝိုက်တွင်သာမက ကွင်းလုံးပြည့် လူတွေပြည့်လျှံနေ၏။ ဈေးဆိုင်များမှာလည်း လူတွေအပြည့်။
ကျနော်က ရွာသားဟန်ဆောင်ကာ လှည့်ပတ်ကြည့်ရှု၏။ အိပ်ချင်သည့်အခါ ပြန်ကြားရေးမဏ္ဍပ်မှ ရွာသားတဦး၏ အကူအညီဖြင့် ရွာထိပ်က ဘုန်းတော်ကြီးကျောင်းသို့ သွားရန် စီစဉ်ထား၏။ ကျောင်းအောက်က ခုတင်ကြီးပေါ်တွင် အိပ်ရန် နေရာရွေးထားခဲ့၏။
ည ကိုးနာရီတွင် ဇာတ်ပွဲစ၏။ ဇာတ်မှာ ကရင်ဇာတ်ဖြစ်၏။ ကရင်လိုသာပြော ကရင်လိုသာ ဆို၏။ ကျနော့်မှာ ကရင်စကား မတတ်သည့်အတွက် တော်တော်တော့ ခွကျလှ၏။ သို့သော် လူပြက်များ ပြက်သည့်အခါ ပရိသတ်နှင့်အတူ အလိုလို လိုက်ရယ်ရ၏။ ငိုချင်းချသည့်အခါမူ လိုက်ငိုရမလို ရယ်ရမလို ဖြစ်ရ၏။ ညဉ့်နက်သည်အထိ ထိုင်ကြည့်၏။
ညဉ့် ၂ နာရီထိုးသည့်အခါ ဇာတ်မှာ တော်တော်အရှိန်ရလာပြီ ဖြစ်သည်။ ပရိသတ်မှာ သွားသွားလာလာ မလုပ်ကြတော့ဘဲ လူပြက်များကို တဝါးဝါးနှင့် သဘောကျနေကြ၏။
ထိုစဉ်မှာပင် ၆၀ မမ လက်နက်ကြီးပစ်သံ ရှေ့ဆင့်နောက်ဆင့် နှစ်ချက်ကြားလိုက်ရ၏။ ဆိုင်းသံများ တိကနဲရပ်သွား၏။ လူပြက်များလည်း အသံတိတ်၏။ မင်းသမီးက ဆက်မကဘဲ ရပ်နေ၏။ ပရိသတ်ကြီး၏ခေါင်းများမှာ အနည်းငယ်မြင့်လာ၏။ ဘေးဘီ အနည်းငယ်လှည့်ကာ နားစွင့်ကြ၏။
ခဏအကြာတွင် ဆိုင်းသံပြန်ကြားရ၏။ မင်းသမီးက ကရန်ပြင်၏။ လူပြက်များက ပြက်လုံးထုတ်၏။ ပရိသတ်က တဝါးဝါး တဟားဟားနှင့် သဘောကျကြ၏။ ဇာတ်မှာ ပရိသတ်နှင့် တသားတည်းဖြစ်ကာ အရှိန်ပြန်ရလာ၏။
နောက်ထပ် နာရီဝက်ခန့်ရှိသောအခါ ဘယ်ဆီကရယ်မသိ လက်နက်ကြီးပစ်သံနှစ်ချက် ကြားရပြန်သည်။ ဆိုင်းသံများ တိcနဲ တိတ်၏။ လူပြက်များ နေရာတွင်ပင် စက်ရုပ်များလို ရပ်၏။ ပရိသတ်တို့ခေါင်းများ ထောင်မတ်လာကြ၏။ ဘေးဘီဝဲရာ နားစွင့်ကြ၏။ ခဏအကြာတွင် ဆိုင်းသံများ ပြန်ကြားရ၏။ လူပြက်များ ပြက်လုံးထုတ်၏။ ပရိသတ်မှာ တဝါးဝါး တဟားဟား ဖြစ်ကုန်ကြပြန်သည်။
သုံးကြိမ်မျှ လက်နက်ကြီးပစ်သံ ကြားရပြီးသောအခါ ကျနော်သည် အိပ်ချင်လာသဖြင့် ရွာသားတဦး၏ အကူအညီဖြင့် ဘုန်းတော်ကြီးကျောင်းအောက်တွင် သွားအိပ်လိုက်ရ၏။
အိပ်ရာမှနိုးသောအခါ ကျနော့်ဘေးတွင် အိပ်မှုန်စုံမွှားမျက်နှာနှင့် ထိုင်နေသော ဗိုလ်အေးမောင်ကို တွေ့ရ၏။ ကျနော်က နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားသဖြင့် ပွဲဈေးခင်း၏ နောက်ပိုင်းအခြေအနေကို မသိလိုက်ပါ။ ထို့ကြောင့် နောက်ပိုင်းအခြေအနေကို သိချင်လာ၏။
“ကျနော် သုံးနာရီလောက် လာအိပ်လိုက်တာ၊ နောက်ပိုင်း ဘာဖြစ်သေးလဲဗျ”
ဗိုလ်အေးမောင်က ကျနော့်မေးခွန်းကို သိပ်နားမလည်သလို ပြန်ကြည့်၏။
“ဘာဖြစ်လို့လဲဗျ”
“အော် ကျနော်ပြန်လာတော့ လက်နက်ကြီးပစ်သံ ကြားခဲ့ရတယ်လေ၊ အဲဒါ နောက်ပိုင်း ဘာများဖြစ်သေးလဲလို့ပါ”
ဗိုလ်အေးမောင်က ကျနော့်ကို အိပ်မှုန်စုံမွှားနှင့်ပင် ကြည့်ကာ ဘာမျှမထူးခြားသလို ပြန်ဖြေလိုက်သည့် စကားကြောင့် ကျနော့်မှာ အံ့ဩမင်သက် ဖြစ်ရလေတော့၏။ ဗိုလ်အေးမောင်က အခုလိုဖြေပါသည်။
“အော် ကိုငြိမ်းရယ် ဘာမှ မထူးခြားပါဘူး။ သည်မှာက အစစအရာရာ ကြောက်နေ ထိတ်လန့်နေလို့ မရဘူးလေဗျာ။ ဇာတ်တို့ ပွဲတို့ ဆိုတာကလည်း ရှိခဲဘိခြင်းလေ။ တကယ်ဖြစ်လာတော့လည်း အကုန်ထပြေးရတာပေါ့။ ဒါမျိုးက ဒီမှာ မဆန်းတော့ပါဘူး”
(၃)
၂၀၂၃ ခု။
အခုတော့လည်း မိဆိုင်းကျောက်တောင်ဘုရားပွဲ လက်နက်ကြီးပစ်သံများ မကြားရသည်မှာ သေချာသွားခဲ့ပြီဟု ထင်မိပါသည်။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)