လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဒါနာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၁၁,၃၀၀ အထိ မြင့်တက်လာခဲ့ပြီး နောက်ထပ် ၁၁,၀၀၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လစ်ဗျား လခြမ်းနီ လူ့အဖွဲ့အစည်းက စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပျောက်ဆုံးနေသူ အများအပြားဟာ ရွှံ့တွေ၊ အပျက်အစီးတွေအောက် နစ်မြုပ်နေတာ၊ ပင်လယ်ထဲကို မျောပါသွားကြတာမျိုး ဖြစ်ကြောင်း ဒါနာမြို့ လခြမ်းနီ လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က လစ်ဗျားနိုင်ငံအရှေ့ပိုင်းမှာ မြေထဲပင်လယ်မုန်တိုင်းတခု ဝင်ရောက်ခဲ့လို့ ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး မုန်တိုင်းလမ်းကြောင်းတလျှောက်ရှိ အခြေခံအဆောက်အအုံ အတော်များများ ကြီးကြီးမားမား ပျက်စီးခဲ့ပါတယ်။
အရှေ့ပိုင်းဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါနာမြို့ရဲ့ အခြေအနေက အထူးဆိုးရွားနေပြီး အသေအပျောက် အရေအတွက် ထပ်မံတိုးလာဖွယ် ရှိနေပါတယ်။
မီဒီယာတွေ အဆိုအရ ဒါနာမြို့ရဲ့ အရေးပေါ်နဲ့ ကယ်ဆယ်ရေးစင်တာကို မြို့တွင်းမှာ အရေးပေါ်အခြေအနေကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေကိုသာ မြို့တွင်းဝင်ရောက်ခွင့် ပြုထားပါတယ်။
နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေဟာ အကူအညီတွေနဲ့ အထောက်အပံ့တွေပေးဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးဟာ လစ်ဗျားပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၄ သန်း တန်ဖိုးရှိ ပန်ကြားချက်ကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ရေဘေးဒုက္ခသည်တွေကို ထောက်ပံ့ဖို့အတွက် သူ့ရဲ့ အရေးပေါ်ရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။
Source/Photo-Reuters