Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ၌ ဂေါ်ဖီထုပ်တင်ကားထဲမှ စိတ်ကြွ‌မူးယစ်ဆေး ၁၂ သန်းဖမ်းမိ
DVB
·
September 15, 2023
Thai drugs seized_15092023

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ရာ့ချ်ပူရီမြို့နယ်မှာ ဂေါ်ဖီထုပ်တင်ကား ၁ စီးပေါ်ကနေ စိတ်ကြွဆေးပြားပေါင်း ၁၂ သန်း ဖမ်းဆီးရမိတယ်လို့ 3Plus News ထိုင်းသတင်းက စက်တင်ဘာ ၁၄ ရက်မှာ ဖော်ပြပါတယ်။

ချင်းမိုင်နံပါတ်ပြားတပ် ဟိုင်းလပ်စ်ကား ၁ စီးဟာ မြောက်ပိုင်းကနေ တောင်ပိုင်းကို မူးယစ်ဆေးဝါး တင်ဆောင်လေ့ရှိကြောင်း သတင်းရထားတဲ့အတွက် မူးယစ်ရဲတပ်ဖွဲ့က အဆိုပါကားကို ၂ လတာ နောက်ယောင်ခံပြီး ထိုင်းအလယ်ပိုင်း ရာ့ချ်ပူရီမြို့နယ် ဓာတ်ဆီဆိုင်ထဲမှာ ရပ်နားနေစဉ် ဝင်ရောက်ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ကားနောက်ခန်းပေါ် အပြည့်တင်လာတဲ့ ဂေါ်ဖီထုပ်တွေကို ဆွဲချပြီးနောက် အောက်မှာ အိတ်အလုံးပေါင်း ၆၀ ထဲ ထည့်လာတဲ့ စိတ်ကြွဆေးပြား ၁၂ သန်းကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ယာဉ်မောင်းသူမှာ အသက် ၃၁ နှစ်အရွယ် ထိုင်းအမျိုးသားဖြစ်ပြီး သူဟာ အဲဒီကားကို တောင်ပိုင်းကိုပို့ပေးဖို့ အခကြေးငွေ ဘတ် ၃ သန်းနဲ့ မောင်းနှင်ခဲ့ကြောင်း၊ ဘယ်ထိမောင်းပို့ရမယ်ဆိုတာ လိပ်စာကြိုမပြောဘဲ ဖုန်းထဲကနေ လမ်းညွှန်တဲ့အတိုင်း မောင်းရကြောင်း၊ အထဲမှာ မူးယစ်ဆေးဝါးပါတယ်ဆိုတာ သိပေမဲ့ ဒီလောက်များမယ်လို့ ထင်မထားဘူး၊ အခုလို မူးယစ်ဆေးသယ်ပေးတဲ့အလုပ်ကို လုပ်တာတော့ ၃ ကြိမ်ရှိသွားပြီလို့ ဝန်ခံထားပါတယ်။

တချိန်တည်းမှာပဲ မူးယစ်ရဲတပ်ဖွဲ့ဝင် နောက် ၁ သုတ်က အဆိုပါကားနဲ့ ဆက်စပ်နေတဲ့ လမ်းပြက ကား ၁ စီးကို ဖစ်ချ်ပူရီခရိုင်မှာ ဖမ်းမိခဲ့ပါတယ်။ ကားထဲမှာ အသက် ၂၈ နှစ်အရွယ်နဲ့ ၂၄ နှစ်အရွယ် လူငယ် ၂ ဦး လိုက်ပါလာပါတယ်။

ဒါ့အပြင် နခွန်းဆဝမ်မြို့နယ် ဖယုဟဆီရီမြို့နယ်ထဲမှာလည်း နောက်ထပ်လမ်းပြကား ၁ စီးပေါ်က အသက် ၂၆ နှစ်အရွယ် လူ ၂ ဦးကို ဖမ်းမိခဲ့ပါတယ်။

သူတို့တွေဟာ ဟိုင်းလပ်စ်ကားအလွတ်ကို ချင်းမိုင်ခရိုင် ဖရောဝ့်မြို့နယ်ထဲမှာ သွားရပ်ထားပြီး ဟိုကပစ္စည်းတွေ တင်ပေးလိုက်ကြောင်း၊ ကားကို တနေရာပြီးတနေရာ လဲလှယ်မောင်းနှင်ရတယ်၊ သူတို့အနေနဲ့ကတော့ ဒီလိုလုပ်တာ ၅ ခါရှိပြီလို့ ဖွင့်ဟ ဝန်ခံသွားပါတယ်။

အဆိုပါ မူးယစ်ဆေးတွေဟာ ထိုင်းတောင်ပိုင်းမှာ ဖြန့်ချိဖို့ဖြစ်ပြီး တချို့ကို တတိယနိုင်ငံသို့ ဆက်လက်ပို့ဆောင်ဖို့ဖြစ်တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024