အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ်မှာ နီးပါ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကြောင့် စာသင်ကျောင်းတွေ၊ ရုံးတွေနဲ့ အများသူငါ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတချို့ကို ပိတ်ထားကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ရှားပါးပြီး ဦးနှောက်ကို ထိခိုက်စေကာ သေစေနိုင်တဲ့ နီးပါဗိုင်းရပ်စ်ကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦးမှာလည်း ရောဂါတွေ့ရှိခဲ့ရတာကြောင့် အာဏာပိုင်တွေက ဗိုင်းရပ်စ်ပြန့်ပွားမှုကို ကန့်သတ်ဖို့ ရုန်းကန်နေရပါတယ်။
ကဲရာလာပြည်နယ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကို ၄ ကြိမ်မြောက် တိုက်ဖျက်နေရပြီး ခုထိ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။
ဒီဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိတဲ့ လင်းနို့တွေ၊ ဝက်တွေ သို့မဟုတ် လူတွေရဲ့ ခန္ဓာကိုယ် အရည်တွေနဲ့ ထိတွေ့ရာက ကူးစက်ပျံ့နှံ့သွားပြီး ရောဂါပိုးရှိသူတွေရဲ့ ၇၅ ရာခိုင်နှုန်းအထိ သေဆုံးစေပါတယ်။
ကဲရာလာပြည်နယ်ရဲ့ ပထမဆုံး နီးပါ ရောဂါကူးစက်ခံရသူ ၂၃ ဦးထဲမှာ ၂၁ ဦး သေဆုံးခဲ့တာ ဖြစ်ပြီး ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်တို့မှာ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားနေချိန်မှာ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
မေလက ရိုက်တာရဲ့ စုံစမ်းစစ်ဆေးမှုတခုအရ ကမ္ဘာတဝန်းမှာ လင်းနို့ဗိုင်းရပ်စ်တွေ ဖြစ်ပွားနိုင်ခြေအရှိဆုံး နေရာတွေမှာ ကဲရာလာပြည်နယ်ရဲ့ အစိတ်အပိုင်းတွေကို ပြသခဲ့ပါတယ်။ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းတာဟာ လူနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ပိုပြီး နီးနီးကပ်ကပ် ထိတွေ့စေတာကြောင့်လို့ ဆိုပါတယ်။
Source/Photo-Reuters