တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းနဲ့ မျက်နှာချင်းဆိုင်က တရုတ်ကမ်းရိုးတန်းတလျှောက်မှာ လေတပ်အခြေစိုက်စခန်းတွေ တိုးချဲ့ပြီး တိုက်လေယာဉ်အသစ်တွေနဲ့ ဒရုန်းယာဉ်တွေကို အမြဲတမ်း တပ်ချထားခြင်းအားဖြင့် လေတပ်အင်အားကို တိုးမြှင့်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ပြောပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူတို့ပိုင်တယ်လို့ တရုတ်ပြည်မကြီး အစိုးရက အခိုင်အမာပြောဆိုရင်း လတ်တလောနှစ်တွေအတွင်း ထိုင်ဝမ်ကျွန်းအနားမှာ တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ တိုးလုပ်နေတာပါ။
ထိုင်ဝမ်က လွတ်လပ်ရေးကြေညာမှာကို ဟန့်တားဖို့နဲ့ ထိုင်ဝမ်-အမေရိကန်ကြား လျှို့ဝှက်ပူးပေါင်း ကြံစည်မှုလို့ တရုတ်ကပြောတဲ့ လုပ်ရပ်အပေါ် တုံ့ပြန်ဖို့လို့ တရုတ်က ပြောပါတယ်။
တရုတ်ဟာ မနှစ်က ဩဂုတ်လနဲ့ ဒီနှစ် ဧပြီလတို့မှာ ထိုင်ဝမ်ကျွန်းနားမှာ စစ်အင်အား ပြခဲ့ပါသေးတယ်။ တရုတ်တပ်တွေက ထိုင်ဝမ်ကျွန်းပတ်လည်မှာ နေ့တိုင်းနီးပါး အင်အားပြခဲ့တာပါ။
ထိုင်ဝမ်အပေါ် စစ်ရေးပြင်ဆင်မှု အားဖြည့်ဖို့ တရုတ်ဟာ လက်တွေ့တိုက်ခိုက်ပုံကို လေ့ကျင့်တဲ့ နည်းဗျူဟာကို သုံးနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အမျိုးသားကာကွယ်ရေး အစီရင်ခံစာထဲမှာ ပြောထားပါတယ်။
တရုတ်ကွန်မြူနစ်တွေဟာ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်း စစ်တိုင်းဌာနချုပ်တွေရဲ့ ကမ်းရိုးတန်း တလျှောက် လေယာဉ်ကွင်းတွေကို တိုးချဲ့ပြီးစီးခဲ့ပြီးပြီ၊ တိုက်လေယာဉ်အသစ်တွေနဲ့ ဒရုန်းယာဉ် အသစ်တွေကို အမြဲတမ်း တပ်ချထားခဲ့ပြီးပြီလို့လည်း အစီရင်ခံစာက ဆိုပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို အရှေ့ဘက်ကရော အနောက်ဘက်ကပါ နှောင့်ယှက်နိုင်ဖို့ အားထုတ်နိုင်စွမ်းကို ပြတဲ့အနေနဲ့ ပစိဖိတ်သမုဒ္ဒရာ၊ ထိုင်ဝမ်ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာပါ မကြာခဏ စစ်ရေးလေ့ကျင့်နေပါတယ်။
ဒီအအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ပါဘူး။
ထိုင်ဝမ်အစိုးရကတော့ မှတ်ဉာဏ်တုစွမ်းရည်၊ ထိန်းရလွယ်တဲ့ လက်နက်တွေ၊ မောင်းသူမဲ့နဲ့ အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ လက်နက်တွေ၊ တာဝေးပစ် လက်နက်တွေကို အဆင့်မြှင့် တိုးတက်အောင်လုပ်ရင်း ကာကွယ်ရေးဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
Source/Photo-Reuters