မြေထဲပင်လယ် မုန်တိုင်း ဒန်နီယယ်ကြောင့် လစ်ဗျားနိုင်ငံမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး မြောက်အာဖရိကနိုင်ငံ အရှေ့ဘက်ရှိ ကမ်းရိုးတန်းမြို့ အများအပြားမှာ နေအိမ်တွေ ပျက်စီးခဲ့ကာ လူပေါင်း ၂,၀၀၀ လောက် သေဆုံးမှာကို စိုးရိမ်တယ်လို့ အစိုးရက စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
လစ်ဗျားမှာ ဆယ်စုနှစ်တခုကျော်ကြာ ကမောက်ကမ ဖြစ်ခဲ့ရတဲ့ အစ္စလာမ္မစ် အစွန်းရောက်တွေ သိမ်းပိုက်ထားခဲ့တဲ့ ဒါနာမြို့မှာ ပျက်စီးမှုက အကြီးကျယ်ဆုံး ဖြစ်ခဲ့ပါတယ်။
တနင်္လာနေ့နှောင်းပိုင်းအထိ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၆၁ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုခဲ့ပြီး ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာဟာ ရေနဲ့မျောပါသွားတယ်လို့ ယုံကြည်ကြပါတယ်။
လစ်ဗျားကျန်းမာရေးဝန်ကြီး အိုသမန်အဗဒူလ်ဂျာလီက သေဆုံးသူဦးရေဟာ ၁၀,၀၀၀ ကျော်အထိ မြင့်တက်လာဖွယ်ရှိတယ်လို့ ပြောကြောင်း ဒေသဆိုင်ရာ မီဒီယာတွေက တနင်္လာနေ့ နှောင်းပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
လစ်ဗျားသမ္မတကောင်စီဟာ အရှေ့ပိုင်း ဆိုင်ရီနိုင်ကာပြည်နယ်ရှိ ဧရိယာ ၃ ခုကို ရေကြီးမှုကြောင့် သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာပြီး နိုင်ငံတကာအကူအညီ တောင်းခံခဲ့ပါတယ်။
တနင်္လာနေ့က al-Masar ရုပ်မြင်သံကြားဌာနနဲ့ ဖုန်းအင်တာဗျူးတခုမှာ လစ်ဗျားအရှေ့ပိုင်း ဝန်ကြီးချုပ်အိုဆာမာဟာမက်ဒ်က ဒါနာမှာ လူ ၂,၀၀၀ သေဆုံးမှာကို စိုးရိမ်ပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ ယုံကြည်ရကြောင်း ပြောကြားခဲ့ကာ ဒါနာကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။
အရှေ့ပိုင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒါနာမှာ သေဆုံးသူ ၂,၀၀၀ ကျော်သွားပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူ ၅,၀၀၀ ကနေ ၆,၀၀၀ ကြားရှိကြောင်း ပြောပါတယ်။
အယ်လ်မိုစ်မာရီဟာ အနီးနားရှိ ဆည်နှစ်ခု ပြိုကျမှုကြောင့် သေစေလောက်တဲ့ ရေလွှမ်းမိုးမှုကို ဖြစ်စေတယ်လို့ လည်းပြောကြားခဲ့ပါတယ်။
လစ်ဗျားရှိ အမေရိကန်သံရုံးကလည်း အကူအညီ လိုအပ်နေသူတွေကို အထိရောက်ဆုံး ဘယ်လို တိုက်ရိုက်အကူအညီပေးရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ကုလသမဂ္ဂနဲ့ လစ်ဗျားအာဏာပိုင်တွေနဲ့ ဆက်သွယ်နေကြောင်း လူမှုမီဒီယာမှာ အလားတူ ရေးသားခဲ့ပါတယ်။
အရှေ့ပိုင်း ဘေဒါမြို့မှာ လူ ၄၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့ရဲ့ အဓိက ဆေးဘက်ဆိုင်ရာဌာန အကြီးအကဲက ပြောခဲ့ပြီး လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကမ်းရိုးတန်းမြို့ ဆူစမှာ နောက်ထပ် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ လူနာတင်ယာဉ်နဲ့ အရေးပေါ် အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။
ဆာဟတ်နဲ့ အိုမာအယ်လ်မိုကထာမြို့တွေမှာ တခြား ၇ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပြီးမားဂျ်မြို့မှာ စက်တင်ဘာ ၁၀ ရက်က လူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လစ်ဗျား လခြမ်းနီအဖွဲ့ကတော့ ဒါနာမှာ မိသားစုတွေကို ကူညီရင်း အလုပ်သမားသုံးဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။
ဘေဒါမှာ ပိတ်မိနေတဲ့ မိသားစုကို ကူညီဖို့ ကြိုးပမ်းစဉ် အလုပ်သမားတဦးနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ အစောပိုင်းမှာ အဖွဲ့က ပြောကြားခဲ့ပါတယ်။
လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ မြို့အများအပြားမှာ နေအိမ်တွေနဲ့ တခြားအိမ်ခြံမြေတွေ ပျက်စီးခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် လူဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း၊ အာဏာပိုင်တွေက စိုးရိမ်နေကြောင်း ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါနာမှာ ဒေသတွင်းမီဒီယာတွေက လျှပ်စစ်မီး သို့မဟုတ် ဆက်သွယ်ရေးမရှိတဲ့ အခြေအနေမှာ ကပ်ဆိုးကြီးလို့ ပြောကြားခဲ့ပါတယ်။
လစ်ဗျားအရှေ့ဘက် လစ်ဗျားအစိုးရ ပြည်ထဲရေးဝန်ကြီးကက ဒါနာမှာ လူပေါင်း ၅,၀၀၀ ကျော် ပျောက်ဆုံးနေမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး သေဆုံးသူ အများအပြားဟာ မြေထဲပင်လယ်ထဲ မျောပါသွားခဲ့ကြောင်း သူကပြောပါတယ်။
လစ်ဗျားအရှေ့ဘက်ကမ်းရိုးတန်းရှိ ဝဒီ ဒါနာ မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ မြို့အများအပြားကို မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ဒါနာကို အရှေ့ဘက်ကမ်းရိုးတန်းရှိ လစ်ဗျားအစိုးရရဲ့ ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာခဲ့ပြီး သုံးရက်ကြာ ဝမ်းနည်းကြေကွဲကြောင်း ကြေညာကာ နိုင်ငံတဝန်း အလံတွေကို တဝက်လျှော့ချဖို့ အမိန့်ပေးခဲ့ပါတယ်။
Source-CBS
Photo-Reuters