စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာနဲ့ ၆ မိုင်ကျော်ဝေးတဲ့ ပွင့်ကြီးဘုရားကုန်းကို ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲကျော်အချိန်က စစ်တပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်လို့ ဘုရားထီးမြေခသွားသလို ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လာရောက်ပစ်ခတ်တဲ့ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ မုံရွာ နမခ စစ်တပ်အတွင်းကနေ လာရောက်ပစ်ခတ်တာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ကပိုင်ရွာဒေသခံတယောက်က “လေယာဉ်လာကတည်းက လာပစ်ပြီဆိုတာ သိလိုက်တယ်။ ဘာလို့ အခုလို လာပစ်တာလဲဆိုတော့ သူတို့သတင်းမှားနဲ့ လာပစ်တာဖြစ်မယ်။ မြေပြင်မှာတော့ ပွင့်ကြီးဘုရားကုန်းအနီးက တောတဲတွေက ကလေးငယ်တွေကို စာသင်ပေးနေတာတော့ရှိတယ်။ သူတို့ ပထမအကြိမ် ပတ်ကတည်းက ကလေးတွေကို လုံခြုံတဲ့နေရာတွေမှာ ခေါ်ထုတ်ရတယ်။ အဲလိုခေါ်ထုတ်ပြီး လေယာဉ် ဒုတိယအကြိမ်ပတ်လာတော့ စက်လတ်တွေနဲ့ရော၊ ဗုံးလို့ထင်ရတဲ့ လက်နက်ကြီးတွေနဲ့ပါ ပစ်တာဗျ။ ပတ်ပစ်တဲ့အကြိမ်က ၆ ကြိမ်အထိကို ပစ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ပစ်ခတ်လို့ ပွင့်ကြီးဘုရားကုန်းက ဘုရားစေတီ ထီးတော်မြေခသွားပြီး တခြား ကျောင်းဆောင်အကာနံရံတွေ ပွင့်ထွက်ပျက်စီးသလို အမိုးတွေလည်း ပေါက်ထွက်ပျက်စီးခဲ့ပါတယ်။
နောက်ပြီး ခရီးသွားပြည်သူတယောက်မှာလည်း ကျည်စထိမှန်လို့ ဆေးကုသနေရပြီး မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကပိုင်ရွာကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကတည်းက စစ်ကြောင်းတွေ ဝင်ရောက်ပြီး မီးရှို့တာ၊ လေယာဉ်နဲ့လာရောက်တိုက်ခိုက်တာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။