ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စုဒုတိယမြောက်ပွဲစဥ်ကို တောင်ကိုရီးယားနိုင်ငံမှာ စက်တင်ဘာ ၉ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၃ အသင်းက ကာတာယူ-၂၃ အသင်းကို ၆ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
ကာတာယူ-၂၃ အသင်းဟာ ပွဲစကတည်းက မြန်မာအသင်းကို တဖက်သတ်ဖိကစားခဲ့သလို ဂိုးပေါက်တည့်မှု ၁၀ ကြိမ်ကနေ ပထမပိုင်းမှာ ၁ ဂိုး၊ ဒုတိယပိုင်းမှာ ၅ ဂိုးသွင်းယူခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ကာတာအသင်းဟာ ၂၀၂၄ ယူ-၂၃အာရှဖလားပြိုင်ပွဲအိမ်ရှင်ဖြစ်တာကြောင့် အခုပြိုင်ပွဲကို ခြေစမ်းပွဲ သဘောအနေနဲ့သာ ဝင်ယောက်ယှဥ်ပြိုင်တာဖြစ်တဲ့အတွက် ရလဒ်ကို ထည့်သွင်းတွက်ချက်တာမ ရှိပါဘူး။
မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲတောင်ကိုရီးယားနဲ့ပွဲစဥ်အတွက် အဓိကကစားသမားတချို့ကို အနားပေးပြီး ကာဂျစ္စတန်အသင်းနဲ့ပွဲက ပွဲထွက်ကစားသမား ၄ ဦးသာအသုံးပြုခဲ့တဲ့အပြင် ပွဲချိန် ၇၆ မိနစ်မှာ ထူးမြန်ခန့်လည်းအနီးကတ်ထိခဲ့တာကြောင့် အခုလို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
အုပ်စုအတွင်း တခြားပွဲစဥ်တွေဖြစ်တဲ့ တောင်ကိုရီးယားယူ-၂၃ နဲ့ ကာဂျစ္စတန်ယူ-၂၃ တို့ပွဲစဥ်မှာ တောင်ကိုရီးယား ယူ-၂၃ အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အုပ်စု ခ မှာ ကာတာအသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမ၊ တောင်ကိုရီးယားအသင်းက ရမှတ် ၃ မှတ်နဲ့အုပ်စု ဒုတိယ၊ ကာဂျစ္စတန်တို့က ရမှတ် ၁ မှတ် ဂိုးကွာခြားချက်အသာနဲ့ အုပ်စုတတိယ၊ မြန်မာအသင်းက ရမှတ် ၁ မှတ် နဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
မြန်မာယူ-၂၃ အသင်းဟာ နောက်တဆင့်တက်ဖို့ မဖြစ်မနေအနိုင်ကစားရမယ့် အုပ်စုနောက်ဆုံး ပွဲစဥ်အဖြစ် အိမ်ရှင်တောင်ကိုရီးယား ယူ-၂၃ အသင်းနဲ့ စက်တင်ဘာ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲမှာ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။