Home
မြန်မာသတင်း
စစ်တပ်ရိက္ခာနှင့် လက်နက်တင်ကားများကိုသာ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်ပြု
DVB
·
September 8, 2023
375823043_1031629381192788_1618689868700644684_n

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းကို ကုန်စည်တွေတင်ပို့သယ်ယူရာမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေက ကြီးစိုးထားပြီး သူတို့ရဲ့ရိက္ခာ၊ လက်နက်တင် ကားတွေကိုသာ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခွင့်ပြုတယ်လို့ ဒေသခံ ကားသမားတွေက ပြောပါတယ်။

ကားသမားတဦးက “အရင်က ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ ကုန်သွယ်ရတာတွေက ငွေနဲ့ညှိလို့ရတယ်ဗျ။ အခုတော့ ဘယ်လိုမှ ​ငွေနဲ့ညှိမရတော့ဘူး။ သူတို့ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တွေရဲ့ ရိက္ခာ၊ လက်နက်တွေ တင်ဆောင်လာတဲ့ ကားတွေကို လွှတ်ပေးတယ်။ ဂိတ်ကြေးလည်း ပေးရတယ်။ ကားနဲ့လိုက်ပါလာတဲ့ သူတို့တပ်သားတွေ စားသောက်ရေး အားလုံးစီစဥ်ပေးရတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်ကစတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ AB Bank နဲ့ Sonali Bank တွေက မြန်မာဘက်ကို ဒေါ်လာပေးခြေတာ၊ bank draft လုပ်ငန်းတွေ အကန့်အသတ်မဲ့ ရပ်တန့်ထားခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လိုအပ်တဲ့ ကုန်စည်တွေကို မောင်တောမြို့နယ် မြောက်ပိုင်းဒေသတွေကတဆင့် တင်ပို့နေကြရတာပါ။

မောင်တောမြို့နယ်မြောက်ပိုင်းကို ကုန်စည်သယ်ယူရာမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ကြီးစိုးနေကြပြီး ရက္ခိုင့်တပ်တော်ထိန်းချုပ်တဲ့ မောင်တောမြောက်ပိုင်း ဒေသတွေမှာ အေအေရဲ့ သြဇာအာဏာသက်ရောက်မှု လျော့ကျလာနေတယ်လို့ ရခိုင်စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူ မောင်တောင်မြောက်ပိုင်းဒေသခံတဦးက ဆိုပါတယ်။

“မောင်တောမြောက်ပိုင်း ကုန်စည်တွေ သယ်ယူမှု ရက္ခိုင့်တပ်တော်က ၅ ရာခိုင်နှုန်း အခွန်ကောက်တယ်။ အဲ့ဒါကိုသိတဲ့ စစ်ကောင်စီက ကျီးကန်းပြင်ဌာနချုပ်က ကုန်တွေပါတဲ့ကားတွေ တစီးမှ သွားခွင့်မပေးဘူး။ မြောက်ပိုင်းက သူတို့ နယ်ခြားစောင့်တပ်ဖွဲဝင်တွေအတွက် ရိက္ခာတွေတင်ဆောင်လာတဲ့ ကားကြီးတွေကျတော့ အချိန်မရွေး သွားခွင့်ပြုထားတာ။ အဲဒါကို အေအေဘက်က ဖမ်းဆီးတားမြစ်ဖို့ လိုအပ်နေတယ်။”

မောင်တောမြောက်ပိုင်း ကြိမ်ချောင်း နခခ-၇ ကြိမ်ချောင်းအလွန်ကစပြီး ရက္ခိုင့်တပ်တော်က စခန်းအထိုင်တွေချပြီး မြောက်ပိုင်းနယ်မြေတွေကို ကြီးစိုးထားတဲ့အတွက် မောင်တောမြောက်ပိုင်းရှိ လက်ကျန် နယ်ခြားစောင့်တပ်တွေအတွက် ရိက္ခာထောက်ပံ့မှု အခက်အခဲ ဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024