ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို စက်တင်ဘာ ၇ ရက် ဒီနေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
မှုခင်းတားဆီးနှိမ်နင်းရေး စီမံချက်နဲ့ မဲဆောက်မြို့ရှိ တရားမဝင် နိုင်ငံခြားသားတွေရှိရာ နေရာတွေကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး သောင်နွန်းနဲ့ တာ့ခ်ခရိုင် အထူးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေခဲ့ရာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ နိုင်ငံခြားသားတဦးတို့ကို ဘန်ဆောင်းရပ်ကွက်မှာ ဒီနေ့မနက် ၇ နာရီခန့်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဆက်လက်ပြီး နေ့လယ် ၁၁ နာရီမှာ မဲဆောက် အမှတ် ၆ ကျေးရွာအုပ်စုမှာ နေထိုင်ခွင့် သက်တမ်း ရက် ၇၀၀ ကျော်တဲ့ မြန်မာနိုင်ငံသားတဦးကို ဖမ်းဆီးခဲ့သလို မဲဆောက်စျေးမှာလည်း နေ့လယ် ၁၂ နာရီက တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့သူတွေထဲက နေထိုင်ခွင့်သက်တမ်း ကျော်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦးကို မဲဆောက်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပြီး ကျန် ၅ ဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကို လွှဲပြောင်းပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
Source/Photo-Tak Immigration