ဈေးအတန်ကြာ ငြိမ်နေခဲ့တဲ့ မိုးစိုက်ဖရဲသီးတွေဟာ ပြည်တွင်းဝယ်ယူမှု ကောင်းနေတဲ့အတွက် ဈေးကွက်အတွင်း ဈေးမြင့်တက်လာကြောင်း ဖရဲသီး တင်ပို့ရောင်းချသူတွေက ပြောပါတယ်။
ဖရဲသီး တင်ပို့ရောင်းချသူတဦးက “ဈေးပြန်တက်လာတာ သုံးလေးရက်လောက်ရှိပြီ။ ပြည်တွင်းဈေးကွက်မှာ ဝယ်ယူမှု အားကောင်းနေလို့ပေါ့။ နာနတ်ကလည်း ဒီနှစ် အထွက်နည်းတော့ ဖရဲကို ပိုစားသုံးလာတဲ့သဘောပေါ့။ အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်နေတဲ့ သဘောပါ” လို့ ပြောပါတယ်။
လက်ရှိ ရန်ကုန်ဈေးကွက်မှာ ဒုံကျည်သီး အမဲအကြား တလုံးကို ၃,၃၀၀ မှ ၃,၆၀၀ ကျပ် ဈေးနဲ့ ၁၆ တန်ကို ငွေကျပ် ၆၅ သိန်းခန့်၊ ဖရဲသီး 855 က တလုံးကို ၁,၂၀၀ ကနေ ၁,၄၀၀ ကျပ်နဲ့ ၁၆ တန်ကို သိန်း ၆၀ ခန့် ဈေးရှိနေတယ်လို့ သိရပါတယ်။
“တရုတ်ဘက်ကို ပို့လို့မရတာ ကြာပြီ။ လမ်းခရီးအခြေအနေတွေရော ကားခတွေရော တရုတ်ဘက်ကို ပို့ရင်လည်း ရှုံးမယ့်အတူတူ ပြည်တွင်းမှာလည်း ရှုံးတာက နည်းနည်းခံသာသေးတော့ ပြည်တွင်းမှာပဲ ရောင်းလိုက်တာ” လို့ ဖရဲစိုက်တောင်သူတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်ဈေးကွက်ကို မြင်းခြံ၊ မိတ္ထီလာ၊ ဝမ်းတွင်း အစရှိတဲ့ နေရာတွေက ဖရဲသီး အများဆုံး အဝင်ရှိနေတယ်လို့ သိရပါတယ်။
ကိုဗစ်ကြောင့် တရုတ်နိုင်ငံကို တင်ပို့ခွင့် မရှိခဲ့တဲ့အတွက် ဖရဲစိုက်တောင်သူ ၈၀ ရာခိုင်နှုန်းနီးပါး နှစ်နှစ်ကျော် အရှုံးပေါ်ခဲ့ပြီး လက်ရှိမှာတော့ ပြည်တွင်းမှာပဲ ရောင်းချနေရပါတယ်။