မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စက်တင်ဘာ ၃ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေကျလို့ လူနေအိမ် ၃၇ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့နယ် အမှတ် ၁၅ ရပ်ကွက် ဆင်ပေါက်လှချောင်းရေ အရှိန်ပြင်းစွာ ကျဆင်းလာတဲ့အတွက် နေအိမ်တွေ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ချောင်းရေကျမှုကြောင့် အိမ်ထောင်စု ၂၁၂ စု၊ လူဦးရေ ၈၀၀ ကျော် အရေးပေါ် တိမ်းရှောင်ခဲ့ကြရပြီး အိမ်ထောင်စု ၃၇ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ရေဘေးသင့်ပြည်သူတွေဟာ ပခုက္ကူမြို့ အမှတ် ၁၅ ရပ်ကွက် အနာကြီးရောဂါသည်များ ဓမ္မာရုံမှာ ခိုလှုံနေထိုင်နေကြရပြီး ပရဟိတအသင်းတွေက စားဝတ်နေရေး ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
ကူညီခဲ့တဲ့ ပရဟိတသမားက “မနှစ်ကလည်း ဒီချောင်းက ရေကျပြီး မိသားစု ၄ ယောက် သေဆုံးခဲ့ဖူးပါတယ်။ ဒီနှစ်ကတော့ မနက် ၁၀ နာရီလောက် ဖြစ်တာဆိုတော့ လူတွေ အိမ်မှာမရှိတဲ့အချိန် ဖြစ်သွားတော့ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
နေအိမ်ပျက်စီးသွားတဲ့ အိမ်ထောင်စုတွေထဲမှာ မီးဖွားခါနီး ရက်ပိုင်းသာလိုတော့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦး ပါဝင်ပြီး ကလေးမွေးဖွားစရာနေရာ အခက်ကြုံနေတယ်လို့ သိရပါတယ်။