ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦး စုစုပေါင်း ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၄ ရက် မနက် ၈ နာရီက ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး သောင်ရင်းမြစ်ကမ်းမှာ ခွင့်ပြုချက်မရှိဘဲ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ မူးယစ်ဆေးဝါးစစ်ဆင်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပါတယ်။
စက်တင်ဘာ ၃ ရက် မနက် ၆ နာရီခွဲမှာ လူဝင်ကြီးကြပ်ရေးအရာရှိတွေက အမှတ် ၆ ဘန်ဟိုင်ဟင်ဖွန်ကျေးရွာအုပ်စုမှာ စစ်ဆေးနေစဥ် တရားမဝင် ဝင်ရောက် နေထိုင်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဦးစီးဌာနကို လွှဲပြောင်းထားပြီး ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
Source/ Photo- Tak Immigration