ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံပဋိပက္ခနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ချင်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနက်က စက်တင်ဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးမတိုင်မီ ခုလိုပြောလိုက်တာပါ။
ဖခင်ဖြစ်သူ ဟွန်ဆန်ဆီကနေ မကြာသေးမီက ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းရယူခဲ့တဲ့ ဟွန်မာနက်က အာဆီယံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံကို အင်အားသုံးခြင်းကနေ ရှောင်ကြဉ်ဖို့ လိုအပ်တယ်၊ ပထဝီဝင်နိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေ ပိုမို တင်းကျပ်လာနေတယ်လို့ ပြောခဲ့ပါတယ်။
နှစ်နှစ်ကျော်ကြာ အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ပျက်ကွက်မှုတွေနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ရပ်တန့်နေတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ အစောပိုင်းမှာ တွေ့ဆုံခဲ့ကြတာပါ။
အာဆီယံဟာ တူညီဆန္ဒ ၅ ရပ်လို့ လူသိများတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ မြန်မာနိုင်ငံက အင်အားစုအားလုံးတို့အကြား အကြမ်းဖက်မှု အဆုံးသတ်ဖို့နဲ့ ဆွေးနွေးပွဲတွေစတင်ဖို့ တောင်းဆိုထားတာတွေ ပါဝင်တာ ဖြစ်ပါတယ်။
မြန်မာအာဏာသိမ်း စစ်ဗိုလ်ချုပ်တွေက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိတာကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့် မရခဲ့ပါဘူး။
Source/Photo-Reuters