ပီရူးနိုင်ငံမြောက်ပိုင်းမှာ အင်ကန်အင်ပါယာခေတ်မတိုင်ခင်က ဘိုးဘေးဘီဘင်တွေရဲ့ ဝတ်ပြုနေရာ တခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သုတေသနဆိုင်ရာ တာဝန်ခံတဦးက စက်တင်ဘာ ၂ ရက်မှာ အတည်ပြုပါတယ်။
စပိန်လူမျိုးတွေ မပေါ်ပေါက်ခင် ကာလအပိုင်းအခြားရဲ့ ရှေးဟောင်းပစ္စည်း အကြွင်းအကျန်တွေကို ပီရူးနဲ့ ဂျပန်ပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့တာပါ။
ကာဟာမာကာမြို့ရဲ့ တယ်လန်-လာ ဘွန်မ်ဘာ အမည်ရ ရှေးဟောင်းသုတေသန နေရာတခုမှာ အခုလို တူးဖော်မှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။
အေဒီ ၈၀၀ နဲ့ ၁၀၀၀ ကြားက ရှေးဟောင်းလူမျိုးစုတခုရဲ့ ကြွေထည်မြေထည် လက်ဆောင်ပဏ္ဍာတွေ အပါအဝင် လူရုပ်ကြွင်းတွေနဲ့အတူ သင်္ချိုင်းအခန်းတွေကိုပါ ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၄ ဟက်တာအထိ ကျယ်ပြန့်လာတဲ့ အဲဒီနေရာဟာ အကြီးမားဆုံးသော အခြေချ နေထိုင်မှုတွေထဲက တခုဖြစ်နိုင်တယ်လို့ သုတေသနပြုချက်အရ သိရပါတယ်။
ဒီလို တူးဖော်ရရှိခဲ့တဲ့နေရာမှာ စီကန်၊ ချီမူ၊ ဝါရီနဲ့ ကာဟာမာကာ စတဲ့ ယဉ်ကျေးမှုတွေက တခုနဲ့တခု ဆက်နွှယ်နေတယ်လို့ ဖော်ပြထားပါတယ်။
Source/Photo-Reuters