မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲတခုဖြစ်တဲ့ နဂါးနီတပ်ခွဲ ခေါင်းဆောင် ဗိုလ်ယက္ခဟာ ၂၀၂၃၊ ဩဂုတ် ၃၀ ရက်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်ကျောက်တိုင်က ဒီဗွီဘီကို စက်တင်ဘာ ၂ ရက်နေ့မှာ အတည်ပြု ပြောပါတယ်။
“ဗိုလ်ယက္ခက ကန်နီတိုက်ပွဲပေါ့၊ သြဂုတ်လ ၂၀ လောက်ကလေ၊ အဲဒီမှာ ၅ ညအိပ် ၆ ရက်လောက် နေ့နေ့ညည မနား စကစ စစ်ကြောင်းကို လိုက်တိုက်ခိုက်တာပေါ့နော်။ အဲမှာ ေ-ခွး ၂ ကောင်လောက် သေတယ်။ ၅ ကောင်လောက် ဒဏ်ရာရတယ်။ အဲဒီမှာ သူ (ဗိုလ်ယက္ခ) အိပ်ရေးတအားပျက်ပြီးတော့ သူ့ရဲဘော်တွေကို သူ တန်းစီပြီးတော့ ပြောတာပေါ့၊ ရဲဘော်တွေကို အားမရကြောင်း၊ အဲမှာ အအိပ်ပျက်၊ အစားပျက်နဲ့ စိတ်မကျေနပ်မှုတွေနဲ့ စိတ်ကျသွားတာပေါ့နော်။ အခြား အဖွဲ့အစည်းပြဿနာတို့၊ ငွေရေး ကြေးရေးပြဿနာတို့ ဆိုတာကတော့မရှိပါဘူးဗျ။ တော်လှန်ရေး လောဘပေါ့၊ အဲနေ့ကကို ရဲဘော်တွေကို ပြောနေတာ၊ ငါကတော့ နားတော့မယ်ပေါ့။ ကျနော်တို့ ရဲဘော်တွေမှာက ခံယူချက်ရှိတယ်ဗျ။ တော်လှန်ရေး ရဲဘော်တွေ အရှင်ထွက် မထွက်ဘူး၊ အသေထွက်ပဲ ထွက်မယ်လို့၊ သူ့ဆုံးခါနီးကို အခြား ရဲဘော်ရဲဘက်တွေဆီ ဖုန်းဆက် နှုတ်ဆက် နေသေးတယ်။ ဒီတော်လှန်ရေးကို အားမရဘူးပေါ့နော်၊ ဒါကြောင့် သူနားတော့မယ်ဆိုပြီး ပြောနေသေးတာ" လို့ ပြောပါတယ်။
နဂါးနီတပ်ခွဲဟာ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အောက်က တပ်ခွဲတခုဖြစ်ပြီး ခေါင်းဆောင် အသက် ၂၇ နှစ်အရွယ် ဗိုလ်ယက္ခဟာ သူ့ ဦးခေါင်းကို သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။
ဗိုလ်ယက္ခဟာ တိုက်ပွဲရက် ကြာရှည် တာဝန်ထမ်းခဲ့တာကြောင့် အိပ်ရေးပျက်တဲ့ ဒဏ်နဲ့ အခြေအနေ အစားအသောက် မမှန်မှု အပါအဝင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပင်ပန်းအားနည်းမှုများကြောင့် တဒင်္ဂအတွင်းမှာပဲ ဖြစ်သွားခဲ့တာလို့ သိရပါတယ်။
ဗိုလ်ယက္ခရဲ့ နာရေးကို ၂၀၂၃၊ သြဂုတ် ၃၁ ရက်နေ့က ပြုလုပ်ခဲ့ကြပြီး ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေနဲ့ ရပ်ရွာဒေသခံတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။