တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက်၊ စက်မှုဇုန် ၂ မှာရှိတဲ့ ဝမ်းချူဘောလုံးထုတ်တဲ့စက်ရုံမှာ စက်တင်ဘာလ ၁ ရက် မနက်ပိုင်းက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ဝန်ထမ်းတယောက် စက်ညပ်သေဆုံးသွားတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
မနေ့မ နက် ၁၁ နာရီက အစ်မဖြစ်သူနဲ့အလုပ်လာဆင်းတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးဟာ အင်္ကျီဖဲကြိုးစက်ထဲဝင်သွားပြီးနောက် ဦးခေါင်းထိခိုက်ဒဏ်ရာရလို့ သေဆုံးသွားတာဖြစ်တယ်လို့ အလုပ်သမားတယောက်က ဒီဗွီဘီ ကိုပြောပါတယ်။
"ဘယ်လိုဖြစ်ပြီး စက်ညပ်သွားလဲမသိဘူး။ ဘယ်သူမှလည်းမမြင်ဘူး။ သိတော့ သေသွားပြီ။ စက်ရုံဘက်က ဘာလုပ်ပေးမလဲတော့ မသိဘူး။ ပရဟိတအဖွဲ့တွေက လူနာတင်ယာဉ်နဲ့ လာသယ်သွားတယ်" လို့ ပြောပါတယ်။
ရှင်သန်ခွင့်လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်ကတော့ သေဆုံးသူ အမျိုးသမီး ဝတ်ဆင်ထားတဲ့ အင်္ကျီမှာ အလှဆင်ထားတဲ့ ဖဲပြားချည်ကြိုးပြေကျပြီး စက်ထဲညပ်ပါသွားရာကနေ ဦးခေါင်းတခြမ်းထိခိုက် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒီဗွီဘီ ကိုပြောပါတယ်။
"ကျနော်တို့ကို ဖုန်းဆက်လို့သွားကူညီတာ ကောင်မလေးက ၁၈ နှစ်ပဲရှိသေးတယ်။ စံပြဆေးရုံကို ပို့လိုက်တယ်" လို့ ပြောပါတယ်။
သေဆုံးသူ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို တောင်ဒဂုံအခြေစိုက် ရှင်သန်ခွင့် လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo - ရှင်သန်ခွင့်လူမှုကူညီရေးအသင်း