ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ စနေနေ့တိုင်း ရက်ချိန်းတိုကင် လာယူစရာမလိုအပ်တော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဘန်ကောက်သံရုံးက ဩဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ ရက်ချိန်းတိုကင်ယူသူ အရေအတွက် နည်းပါးလာတာကြောင့် စက်တင်ဘာ ၂ ရက်ကစတင်ပြီး ရက်ချိန်းတိုကင်ပေးတာ ရပ်ဆိုင်းမှာဖြစ်ကြောင်းနဲ့ ၂၀၂၄ ခုနှစ် ဇွန်လမှာ ၆ သက်တမ်းကုန်ဆုံးမယ့် PJ နိုင်ငံကူးလက်မှတ်တွေကို ရုံးဖွင့်ရက်တွေမှာ ကိုယ်တိုင်လာရောက်ပြုလုပ်နိုင်တယ်လို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာအလုပ်သမားတဦးက “ဘန်ကောက်အထိလာပြီး ရက်ချိန်းတခေါက် လာယူစရာမလိုတော့ဘူးဆိုရင်တော့ အဆင်ပြေပါတယ်။ မဟုတ်လည်း ပွဲစားတွေနဲ့ လုပ်လိုက်ကြတာရှိတယ်။ ပတ်စပို့ကို သက်တမ်းထပ်မတိုးတော့ဘဲ ပန်းရောင်ကတ်ရိုက်ပေးတာကို စောင့်နေတဲ့လူတွေလည်း စက်ရုံတွေမှာ အများကြီးရှိတယ်။ ရနောင်း၊ စူလပ်ဌာနီ စတဲ့ အဝေးကြီးကနေလာလုပ်တဲ့သူတွေအတွက်က တရက်တည်းအပြီး ရရင်တော့ အဆင်ပြေနိုင်တယ်။ မဟုတ်ရင် သံရုံးနားတဝိုက်မှာ ညအိပ်ပြီး တရက် တရက် စောင့်ရရင်တော့ အလုပ်ရှင်တွေဘက်ကလည်း လက်မခံနိုင်တာမျိုးတွေ ရှိနိုင်တယ်” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်တဲ့ PJ နိုင်ကူးလက်မှတ်တွေကို စာအုပ်အသစ် ပြုလုပ်ပေးဖို့အတွက် ဇူလိုင် ၂၉ ရက်မှ စတင်ပြီး စနေနေ့တိုင်း လူကိုယ်တိုင် သက်တမ်းတိုးမယ့် အလုပ်သမားတွေ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကိုလာရောက်ရက်ချိန်းတိုကင် လာရောက်ယူခြင်းစနစ်ကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရှိ ခရိုင်ပေါင်း ၇၇ ခုအတွင်းက ရေလုပ်ငန်းနဲ့ ထိစပ်နေတဲ့ ခရိုင်ပေါင်း ၂၂ ခု မှာ မြန်မာအလုပ်သမားများစွာ အလုပ်လုပ်ကိုင်နေကြပြီး လက်ရှိ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ သန်းကနေ ၅ သန်းဝန်းကျင် ရှိနေပြီလို့ ထိုင်းရောက် မြန်မာအလုပ် သမားအရေးဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။