ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စော်ကားတယ်ဆိုပြီး ရန်ကုန်တိုင်း၊ စစ်ဘက်ဆိုင်ရာ မင်္ဂလာဒုံ ဆေးတက္ကသိုလ်မှ အရာရှိနှစ်ဦးကို မိသားသားစုဝင်တွေရဲ့နောက်ကွယ်မှာ စစ်ဘက်ဆိုင်ရာတရားရုံးက အခု ဩဂုတ်လအတွင်း အမြင့်ဆုံးသေဒဏ် ချမှတ်လိုက်တယ်လို့ တပ်တွင်းနီစပ်သူတဦးက ပြောပါတယ်။
ရန်ကုန်တိုင်း၊ စစ်ဘက်ဆိုင်ရာ မင်္ဂလာဒုံ ဆေးတက္ကသိုလ်မှ အရာရှိနှစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ရဲရင့်ဆွေကို အွန်လိုင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စော်ကားသည်ဟုဆိုကာ စစ်ဘက်ဆိုင်ရာတရားရုံးမှ သေဒဏ်ချမှတ်ခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး အောင်ခန့်ကိုလည်း တပ်တွင်းသတင်းပေးဟုဆိုကာ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ကြောင်း တပ်တွင်းနီးစပ်သူက ပြောပါတယ်။
“ဗိုလ်ကြီးက လူမှုကွန်ရက်မှာသတင်းတွေရှဲတယ်။ သတင်းတွေရေးတဲ့အတွက်ကို သေဒဏ်ချခံလိုက်ရတာ။ ပြီးတော့ တပ်ထဲမှာလည်း မင်းတို့ကြပ်ကြပ်သတိထားဆိုတဲ့ဟာမျိုးက ခြိမ်းခြောက်ခံရတယ်ပေါ့နော်။ ပြီးရင် ဟိုဘက်နဲ့ပတ်သက်တဲ့ နီးစပ်တဲ့ဟာတွေကို ရှဲတယ်လုပ်တယ်ဆိုလို့ရှိရင်တော့ ဘယ်သူ့ကိုမှ ညာမှာဟုတ်ဘူးဆိုတဲ့ဟာ ခြိမ်းခြောက်တယ်။ ဒါက တပ်ထဲ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားပေါ့။”
သူတို့တွေကို ဩဂုတ် ပထမပတ်အတွင်းမှာ မိသားစုဝင်တွေမသိဘဲ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်သလို အန်ယူဂျီဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ အမျိုးတော်တယ်လို့ တပ်တွင်းသင်းတွေ ဖြန့်နေတယ်လို့လည်း ဆိုပါတယ်။
တပ်တွင်းနီးစပ်သူက “ဒေါက်တာ ဇော်ဝေစိုးနဲ့ အမျိုးတော်တယ်ဆိုတဲ့ဟာတော့ မဟုတ်ဘူး။ ဒါပေမယ့် တပ်တွင်းမှာ အဲလိုဖြန့်နေတယ်။ သေဒဏ်ချမှတ်ခံရတာလည်းဟုတ်တယ်။ တပ်ထဲမှာ တော်တော်များများ သတင်းဖုံးခံရတယ်။ မိသားစုတွေဆိုရင်လည်း ဘာမှ ပြောပိုင်ခွင့်မရှိဘူး။ ဘာမှ မသိလိုက်ဘဲနဲ့ တရားလိုက်လွှတ်အချခံရတာလည်းဟုတ်တယ်” လို့ ပြောပါတယ်။
အရင်က အထက်ပိုင်းအရာရှိတွေကို အရေးယူဆောင်ရွက်ဖူးတာရှိပေမယ့် အခုလို သေဒဏ်အထိ အပြစ်ပေးတာမရှိပေမယ့် အခုအမြင့်ဆုံး ပြစ်ဒဏ်အထိပေးတာလို့ သူက ပြောပါတယ်။
“အဓိက ပြောချင်တာက ပြစ်မှုနဲ့ ပြစ်ဒဏ်က လုံးဝ မမျှတဘူး။ တရားရုံးနဲ့ပတ်သက်တဲ့ တရားဥပဒေခံစားခွင့်၊ ထုခြေပိုင်ခွင့်တခုမှ မရဘူးပေါ့လေ။ ပြီးတော့ တပ်တွင်းမှာလည်း ခြိမ်းခြောက်ခံရတယ်။ ဘာတခုမှလည်း ပြောပိုင်ခွင့်မရဘူး။ မိသားစုတွေကိုလည်း ပေးသိတာလည်းမရှိဘူးပေါ့လေ။”
လက်ရှိ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့စစ်သားနဲ့ တပ်မိသားစု များစွာရှိနေပြီး စစ်ကောင်စီရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုများကြားမှာ တပ်တွင်းပုန်ကန်မှုတွေ၊ တပ်ပြေး များစွာဖြစ်ပေါ်နေကြောင်း သိရပါတယ်။