ဒတ်ချ်ကိုလိုနီခေတ်တုန်းက ရှေးဟောင်းပစ္စည်းတွေကို သီရိလင်္ကာနိုင်ငံဆီ ပြန်ပေးရေး သဘောတူညီချက်ကို နယ်သာလန် (ဒတ်ချ်)နဲ့ သီရိလင်္ကာ နှစ်နိုင်ငံအကြား သြဂုတ် ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
သီရိလင်္ကာယဉ်ကျေးမှုဝန်ကြီး ဝီဒူရ ဝစ်ခရာမန်နာယာကာနဲ့ ယဉ်ကျေးမှုနှင့် မီဒီယာဆိုင်ရာ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး ဂူနိုင်အူရှလူတို့ဟာ အခုနှစ် နှောင်းပိုင်းမှာ ပြန်ပေးမယ့် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေပိုင်ဆိုင်မှုကို လွှဲပြောင်းပေးမယ့် တရားဝင် စာရွက်စာတမ်း တရပ်ကို ကိုလံဘိုမြို့တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြန်ပေးမယ့် ပစ္စည်းတွေထဲမှာ ၁၇၆၅ ခုနှစ်မှာ အရှေ့ဒတ်ချ်ကုမ္ပဏီက စစ်သားတွေ သိမ်းယူခဲ့တဲ့ ကန်ဒီမြို့က အမြောက်လည်းပါဝင်ပါတယ်။
ဒီအမြောက်ကို Prince of Orange ရဲ့ ရှားပါးပစ္စည်းဆိုင်ရာဝန်ကြီးအဖွဲ့ရုံးမှာ ခင်းကျင်းပြသ ထားခဲ့ပြီးနောက်ပိုင်းမှာ နယ်သာလန်မြို့တော် အမ်စတာဒမ်ရှိ ရက်ခ်စ်ပြတိုက်မှာ ပြသထားခဲ့တာပါ။
၂၀၂၀ ပြည့်နှစ်မှာ ရက်ခ်စ်ပြတိုက်က စုဆောင်းထားသမျှထဲက ပစ္စည်း ၄၀၀၀ ထက်မနည်းဟာ နိုင်ငံရဲ့ ကိုလိုနီအင်ပါယာနဲ့ ပတ်သက်မှုတွေ ရှိနေခဲ့ပါတယ်။
ဒတ်ချ်တွေဟာ ၁၇ ရာစုအလယ်ပိုင်းကနေ နှစ်ပေါင်း ၃၀၀ လောက် ဖြတ်သန်းခဲ့ပြီး အရှေ့တောင်အာရှနဲ့ ကာရေဘီယံမှာ နယ်ချဲ့ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
ကိုလိုနီခေတ်က သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေ ပြန်ပေးဖို့ ဒတ်ချ်တို့ဟာ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့နဲ့ အလားတူ လုပ်ဆောင်မှုတွေ အပြိုင်လုပ်ဆောင်နေပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက သိမ်းပိုက်ခဲ့တဲ့ အနုပညာပစ္စည်းတွေကို ဂျူးတို့ရဲ့ အမွေဆက်ခံသူတွေဆီ ပြန်ပေးတဲ့ ၁၉၉၈ ဝါရှင်တန်အခြေခံမူတွေကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်နေပါတယ်။
Source/Photo-Reuters