ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ သြဂုတ် ၂၆ ရက် ဒီနေ့လယ်ပိုင်းက တက်စီယာဉ်မောင်းတယောက် ဓားထိုးလုယက်ခံခဲ့ရပြီး သေဆုံးသွားခဲ့တယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ကျွှန်းရွှေဝါလမ်း၊ မြသီတာပန်းခြံရှေ့မှာ နေ့လယ် ၁၂ နာရီခွဲကျော်က ကားသမားတယောက် ဓားထိုးခံရတယ်လို့ ဒေသခံတွေက ကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိ စစ်ဆေးချိန်မှာတော့ အသက် ၅၅ နှစ်အရွယ် တက်စီယာဉ်မောင်းအမျိုးသားဟာ ပရိုဘောက်တက်စီ YGN-30 5H- 3855 ကားရှေ့ခန်းယာဉ်မောင်းထိုင်ခုံမှာ ညာရင်အုံထိုးသွင်းဒဏ်ရာတချက်နဲ့ သွေးထွက်လွန်ပြီး သေဆုံးနေပြီဖြစ်ပါတယ်။
ကယ်ဆယ်ရေးအသင်းဝင်တယောက်က “ဒဂုံဆိပ်ကမ်းထဲမှာ ဖြစ်တာ၊ ကယ်ရီသမား တယောက်က လာအကူအညီတောင်းတာပါ။ လူနာက သွေးထွက်လွန်ပြီး DB ဖြစ် (သေဆုံး) နေပါပြီ။ ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာ ရထားတယ်။ စံပြဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။
အနီးအနားနေသူတွေရဲ့ပြောပြချက်အရ တက်စီစီး ခရီးသည်အမျိုးသား ၂ ယောက်က ယာဉ်မောင်းအမျိုးသားဆီကနေ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ လုယက်ကာ ဓားနဲ့ထိုးပြီး ထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။
ရုပ်အလောင်းကို ရွှေသန်လျင်အသင်းယာဉ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးဆီကို ပို့ဆောင်ပေးထားပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။