ဂရိနိုင်ငံမှာ သြဂုတ် ၂၅ ရက်က ၇ ရက်ဆက်တိုက် တောမီးလောင်နေတာကြောင့် အရှေ့မြောက်ပိုင်း ဒေသတခုတည်းရဲ့ နယ်မြေဟက်တာပေါင်း သောင်းနဲ့ချီအောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒါဟာ နှစ်ပေါင်းများစွာအတွင်း ဥပရောမြေပေါ်မှာ အကြီးမားဆုံးသော စံချိန်တင် တောမီးလောင်မှု ဖြစ်တယ်လို့ အီးယူကျောထောက်နောက်ခံ ကော့ပါးနကပ်စ်(Copernicus) ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဝန်ဆောင်မှုဌာနက ပြောကြားပါတယ်။
သြဂုတ် ၁၈ ရက်ကတည်းက ဂရိနိုင်ငံတစ်ဝှမ်းမှာ လောင်ကျွမ်းနေတဲ့ တောမီးပေါင်း ၅၁၇ ခုကို မီးသတ်သမားတွေ ရင်ဆိုင်နေ ရတာ ဖြစ်ပါတယ်။
ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ဂရိအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက အပူချိန်မြင့်မားမှုနဲ့ အတူ အချို့အခြေအနေတွေမှာ လေပြင်းတိုက်ခတ်မှုတွေပါ ဖြစ်ပေါ်ခဲ့တာကြောင့် တောမီးလောင်းမှု ကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ မှတ်ချက်ပေးပါတယ်။
ဂရိနိုင်ငံရဲ့ နွေရာသီအတွင်း တောမီးလောင်ကျွမ်းမှုတွေ အဖြစ်များလေ့ရှိပေမယ့် ဒီနှစ်ထဲမှာတော့ ရာသီဥတုဖောက်ပြန်မှုနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကြောင့် ပိုမိုပြင်းထန်လာတာ ဖြစ်တယ်လို့ အစိုးရဘက်က ပြောကြားပါတယ်။
ပြီးခဲ့တဲ့ စနေနေ့မှာ စတင်လောင်ကျွမ်းခဲ့တဲ့ ဂရိအရှေ့မြောက်ပိုင်းက တောမီးအတွင်း နယ်မြေ ဟက်တာ စုစု ပေါင်း ၇၂,၃၄၄ အထိ ဆုံးရှုံးထားတယ်လို့ တွစ်တာလို့ သိထားကြတဲ့ အိတ်စ်(X) ဆိုရှယ်မီဒီယာပေါ်က ကော့ပါးနကပ်စ်ရဲ့ ပို့စ်တခုမှာ ဖော်ပြထားပါတယ်။
လက်ရှိ တောမီးလောင်ကျွမ်းရာ နေရာဟာ အဲလက်စ် ဆန်ဒရို ပေါလ်လစ်(စ်) (Alexandroupolis) ဆိုတဲ့ မြို့အနီးမှာ တည်ရှိပါတယ်။
Source/Photo-Reuters