တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရက်သတ္တ ၃ ပတ်နီးပါးပိတ်နေခဲ့တဲ့ ကလေးဝ-မဟာမြိုင်လမ်းကို ဩဂုတ် ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ ယာဉ်လိုင်းတွေဆီက သိရပါတယ်။
ကုန်တင်ယာဉ်လိုင်းအသင်း တာဝန်ခံတယောက်က "ဒီမနက် ကားတွေ လွှတ်ပေးလိုက်တာလို့ ကြားတယ်။ ကားတွေလည်း ပြန်ဝင်ပြီကြားတယ်။ ဒီကနေ အထွက်ကားတော့ မရှိသေးဘူး။ ဟိုကနေ ပိတ်မိတဲ့ ကားတွေပဲ ပြန်ဝင်ခဲ့မှာ” လို့ ပြောပါတယ်။
ဩဂုတ်လ ပထမပတ်ကတည်းက မဟာမြိုင်တောနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လမ်းကြောပိတ်နေခဲ့တာပါ။
အဲဒီ ကားလမ်းပိတ်နေတာကြောင့် ကလေးမြို့မှာ စက်သုံးဆီတွေနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်ခဲ့ပြီး ဒေသခံတွေ အခက်တွေ့ခဲ့ရပါသေးတယ်။
ကလေးမြို့ ဒေသခံတယောက်က "ကားတွေကို ဒီမနက်ပြန်လွှတ်လိုက်လို့ အခု မြို့ထဲဝင်လာကြပြီ။ မြို့ထဲမှာလည်း စက်သုံးဆီတွေ၊ ကုန်ပစ္စည်းတွေပြတ်တော့ ပြန်ဖွင့်ပေးတော့ ဝမ်းသာရတယ်" လို့ ပြောပါတယ်။
ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်ဂေါ လမ်းကြော ပိတ်နေတာ ၂ နှစ်ကြာမြင့်နေပြီဖြစ်တာကြောင့် ကလေးမြို့၊ တမူးမြို့နဲ့ ကလေးဝမြို့က ဒေသခံတွေဟာ ကုန်စည်ဆက်သွယ်ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလာရေးပိုင်းမှာ ကလေးဝ-မဟာမြိုင်လမ်းကိုပဲ အဓိကဦးစားပေး အသုံးပြုနေရတာ ဖြစ်ပါတယ်။
Photo-ရွှေလွင်ပြင်ယာဉ်လိုင်းအသင်း