Home
မြန်မာသတင်း
အချိန်ပိုင်း ဆရာဝန်နှင့် သူနာပြုများထံက ဝင်ငွေခွန်ကောက်မည်
DVB
·
August 26, 2023
370788599_10159625048312913_5206547566773186053_n

ပုဂ္ဂလိကဆေးရုံတွေမှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ဆရာဝန်နဲ့ သူနာပြုတွေဆီက စက်တင်ဘာ ၁ ရက်ကစပြီး ဝင်ငွေခွန် ကောက်ခံသွားမယ်လို့  စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

ပုဂ္ဂိလကဆေးရုံတွေအနေနဲ့ အချိန်ပိုင်းဆရာဝန်နဲ့ ကျန်းမာရေး စောင့်ရှောက်သူ (သူနာပြု)တွေ နေ့စဉ်ရရှိတဲ့ ဝင်ငွေထဲက ၂ ရာခိုင်နှုန်းကို ပေးရမှာဖြစ်ပြီး လစဉ် ပေးသွင်းရမှာဖြစ်တယ်လို့ ပုဂ္ဂလိက ဆေးရုံမှာ လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

"ဥပမာ ဆရာဝန်တယောက် တနေ့ ဘယ်လောက်ရလဲပေါ့။ သူအလုပ်လုပ်တဲ့ ဆေးရုံများရင် များသလောက် အခွန်ဆောင်ရမှာပေါ့။ တသိန်းရရင် နှစ်ထောင်။ သူနာပြုတွေလည်း ဒီလိုပဲ။ ဒီကိစ္စကို ပုဂ္ဂလိကဆေးရုံတွေက တာဝန်ယူရမယ်။ ပြောရရင် ရတဲ့ပိုက်ဆံ နေ့စဉ်ဖြတ်ထားပြီး လကုန် သွင်းရမယ်" လို့ ပြောပါတယ်။

ထုတ်ပြန်လိုက်တဲ့ဥပဒေအရ ပုဂ္ဂလိကဆေးခန်းရဲ့ငွေကိုင်က အချိန်ပိုင်းလုပ်တဲ့ ဆရာဝန်၊ သူနာပြုတွေရတဲ့ ဝင်ငွေထဲက ၂ ရာခိုင်နှုန်းကို နေ့စဉ် ကောက်ခံကာ ၁၅ ရက် တကြိမ်  အဲဒီ ဆရာဝန် ဒါမှမဟုတ် သူနာပြုနာမည်နဲ့ မြို့နယ်အလိုက် မြို့နယ် အခွန်ဦးစီး ဌာနမှူးရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတို့မှာ ပြန်လည်ပေးသွင်းရမှာ ဖြစ်တယ်လို့ အခွန်ဦးစီးဌာနက တာဝန်ရှိသူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။

"ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းမှာ လစာနဲ့မဟုတ်ဘဲ အချိန်ပိုင်း ငွေယူပြီး လုပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကို ရည်ညွှန်းတာ။ တချို့ဆရာဝန်တွေဆို ဆေးရုံ ၄ ခုလောက် လှည့်ပြီး လုပ်နေတာ။ ဒါတွေကို စည်းကြပ်ဖို့ လုပ်တာ။ တလတခါဆို ကြာလို့ ၁၅ ရက် တခါ၊ တလ နှစ်ကြိမ်သွင်း ပေးရမှာ" လို့ ပြောပါတယ်။

ဆေးကုသမှုခံယူနေသူ တယောက်က "အဲဒီလို လုပ်တော့ ဆေးရုံတွေက တဖက်လှည့်နဲ့ပို တောင်းလာနိုင်တာပေါ့။ ဘယ်တုန်းက ဥပဒေကို တိတိကျကျလုပ်တဲ့ သူရှိလို့လဲ။ အရင်ကထက် ဆေးရုံ စရိတ်တွေ ၂ ဆပိုပေးရတော့မယ်" လို့ ထင်မြင်ချက်ပေးပါတယ်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဒ) မှာ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းက ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်မှာ အခွန်နုတ်ယူ ပေးသွင်းစေရမည်ဆိုတဲ့ ဥပဒေအရ ကောက်ခံတာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024