အိန္ဒိယသမုဒ္ဒရာကျွန်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွက် မတ်ဒါဂက်စကာနိုင်ငံရဲ့ အမျိုးသား အားကစားရုံထဲကို အားကစားဝါသနာရှင်တွေ ကြိတ်ကြိတ်တိုး ဝင်ရောက်ဖို့ ကြိုးစားခဲ့ ကြရာကနေ တွန်းတိုက်ဖိမိမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၈၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သြဂုတ် ၂၅ ရက်မှာ ဝန်ကြီးချုပ် ခရစ်စ်တီယန်ဆေးက ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ၁၁ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
တွန်းတိုက်ဖိမိမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမယ့် ၂၀၁၉ ခုနှစ် တုန်းကလည်း မာဟာမာစီနာ အားကစားကွင်းမှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။
အိန္ဒိယသမုဒ္ဒရာကျွန်းအားကစားပြိုင်ပွဲကို နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ၁၉၇၇ ခုနှစ်မှာ ဖန်တီးခဲ့တာဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေ ဖြစ်ကြတဲ့ မားရစ်ရှပ်စ် (မောရစ်သျှ)၊ ဆေးရှဲလ်စ်၊ ကားမရို့စ်၊ မတ်ဒါဂက်စ်ကာ၊ မာယက်တ်၊ ရဲရ်ညွန် နဲ့ မောလ်ဒိဗ်စ် (မော်လ်ဒိုက်) နိုင်ငံ တွေက အားကစားသမားတွေ ပါဝင်ကြပါတယ်။
Source/Photo-Reuters